"အဲ့တော့ နင်က ဒီတိုင်းပြန်လာတယ်ပေါ့"
တစ်ဖက်ကဘေဘီဝါကပြောရင်း ဒေါသပုန်ထနေလေသည်။ သည်နေ့ နှိုင်းနဲ့ချိန်းထားသည်ကို ပြောမိလိုက်ကတည်းက တစ်မနက်လုံးတောက်လျှောက်ဖုန်းမျှော်နေရတာတဲ့လေ။
"ငါက နင်ဒီနေ့ဖွင့်ပြောမယ်ထင်နေတာ"
ဘေဘီ့စကားကြားတော့ ကျွန်တော်လေ....ငိုချင်စိတ်ကိုထိန်းချုပ်မရ။ ဖွင့်ပြောဖို့။ ဟုတ်တယ်။ နှိုင်းဆီက ချစ်ပါတယ်ဆိုတဲ့ စကားကိုကြားရလိမ့်မယ်လို့ ဘယ်လိုစိတ်ကူးနဲ့များ မျှော်လင့်ရဲခဲ့တာလဲ။
"ဟဲ့ ဖယောင်း ... နင်ငိုနေပြန်ပြီလား"
စီးကျလုဆဲဆဲမျက်ရည်တွေကို အသာထိန်းရင်း အကြောင်းမဲ့ ခေါင်းကိုမော့ကာ မျက်နှာကြတ်ဖြူဖြူကိုသာငေးနေလိုက်တော့သည်။
"ငိုစရာလား။ ဒါမျိုးတွေက ရိုးနေပြီ"
အမှန်တရားက ခါးသီးလွန်းသည်။ နှိုင်းဆီက ဘယ်လိုပဲတူညီတဲ့ ဥပေက္ခာတွေနဲ့ကြုံကြုံ မငိုဖို့မစွမ်းနိုင်ခဲ့ပါ။ နာကျင်မှုဟာ အမြဲတစေ အသစ်ပဲ။
"အဲ့တော့ ဆက်ပြော။ နင့်ဟာနင်ပြန်လာတာလား။ ဟိုကောင်လိုက်ပို့တာလား"
"ငါ့ဟာငါ..."
"တောက်...ငါ အဲ့ကောင်ကိုသတ်ချင်နေပြီ"
တစ်ဖက်ဖုန်းထဲမှ တောက်တခေါက်ခေါက်နှင့် ဘေဘီဝါကြောင့် ညစ်နေသော စိတ်အစဉ်တို့ကအနည်းငယ်ပေါ့ပါးသွားသယောင်။
"ဖုန်းရော ဆက်သေးလား"
အမှန်တရားတစ်ခုပေါ့။ ပြန်ရောက်ကတည်းက အမှတ်မရှိမျှော်နေခဲ့တဲ့ နှိုင်းဆီကတော့ ဖုန်းတစ်ချက်မပြောနှင့် မက်ဆေ့ချ်တစ်စောင်တောင် ရောက်လာခြင်းမရှိခဲ့ပါဘူးလေ။
"ထားလိုက်ပါဟာ"
"ဟူး... အေးပါ။ အရမ်းလည်း စိတ်ညစ်မနေနဲ့ဦး။ ဒီနေ့သင်တာတွေ group ထဲပို့ထားတယ်။ attendance လည်း ထိုးပေးထားတယ် "
"နှိုင်းဖို့ရော"
"သေနာ။ နင်က တကယ် အမှတ်ကိုမရှိဘူး။ ပါတယ်ဟဲ့။ ပါတယ်။ နင်တို့ လင်မယားနှစ်ယောက်စလုံးအတွက်"