Fourteen

9.1K 843 50
                                    

Year 2013

ဝသန်မိုးတို့ အဆက်မပြတ်ရွာသွန်းလေ့ရှိသောဇွန်လသည် ထုံးစံမပြတ် မိုးလေးကတဖွဲဖွဲရွာသွန်းနေသည်။ ကောင်းကင်တစ်ခွင်သည်လည်း
ညိုမှိုင်းလျှက်ရှိနေသည်မို့ သူ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်နေမိသည်။

ကားလမ်းမကြီး​၏ ဘေးဘက်ပလက်ဖောင်းပေါ်တွင် အမျိုးသမီးတစ်ဦးက ရှေ့မှဝဝပြည့်ပြည့်ဖြင့်ကောင်လေးအား အတင်းလိုက်ခေါ်နေ​၏။

"နှိုင်းဝေယံ ... ကားပေါ်တက်မလား​၊ မတက်ဘူးလား"

ကောင်လေးကထိုအမျိုးသမီးအားအရေးပင်မလုပ်ပဲ လမ်းသာဆက်လျှောက်နေလေသည်။

"နင်လည်း နင်အဖေလိုပဲ။ ငါ့ကို စိတ်ဒုက္ခပေးဖို့ လူဖြစ်လာကြတဲ့ဟာတွေ"

သူခြေလှမ်းတို့ တုန့်ခနဲရပ်သွား​၏။

လောကတွင်အမုန်းဆုံးလူကိုပြပါဆိုလျှင် အဖေဆိုသူကို ပြမည်။ လေးစားရဆုံးလူကို ပြပါဆိုလျှင်လည်း အဖေ ဆိုသူကိုပြရလိမ့်မည်။ ထိုလူသားနှင့် နှိုင်းယှဉ်ခံရလျှင် အသည်းထိအောင်နာကျင်သည်။

"တက်ရင် ပြီးရောမလား"

မိခင်ဖြစ်သူအား မကြည်သလို ပြောရင်း အနောက်မှပါလာသည့် စလွန်းကားလေးပေါ် ထီးကိုပိတ်ရင်း ဆောင့်အောင့်ကာ ဝင်ထိုင်လိုက်သည့်ကောင်လေး။

ကားလေးထွက်လာသည်နှင့် သူ အသာငြိမ်နေရင်း ပြတင်းပေါက်က တဆင့် အပြင်ဘက်ဆီသာငေးကြည့်နေမိတော့သည်။ အရှေ့ခန်းက မေမေကတော့ ဟိုရောက်ရင် ဘယ်လိုနေ၊ ဘယ်လိုထိုင်စသဖြင့် မှာတမ်းခြွေနေလေရဲ့။

နဝမတန်းစတက်မည့်သူ့အား ဘော်ဒါဆောင်သို့ လိုက်ပို့နေခြင်းသာ။ အမြဲတစေ အအိပ်၊ အစားပဲ သဘောကျသော ပေတိပေကပ် ဂျစ်ကန်ကန် နှိုင်းဝေယံကို အမေဖြစ်သူကမနိုင်သည်မို့ ဘော်ဒါထားရခြင်းဆိုလည်းမမှားပေ။

ဘော်ဒါဆောင်ရောက်တော့ နှစ်ယောက်တစ်ခန်းနေရမည်ဟုကြားသဖြင့် သူအနည်းငယ်စိတ်အိုက်ရသည်။ အရင် ကျောင်းတွင် ဖက်တီးဟု ခေါ်ကြသလို အမြဲတစေ စနောက်ခံရမှုကြောင့် ထိုရန်များကရှောင်ရန် ဘော်ဒါနေရမည်ကို လက်ခံခဲ့သော်လည်း ယခုအခါ အခန်းဖော်ရှိနေသည်မို့ သူသဘောမတွေ့လှ။ အရင် သူငယ်ချင်းများအတိုင်းသာဆို သူဆက်ပြီး အစခံနေရဦးမှာမလား။

What if  we're strangersWhere stories live. Discover now