Unicode
အေးစိမ့်လွန်းသည့်မြောက်လေဒဏ်ကို ခံနိုင်ရည်ရှိဖို့ အနွေးထည်ထူထူဝတ်ပြီး အိမ်ထဲက ထွက်ဖိြု့ပင်လိုက်သည့် လွန်းစစ်သွေးအား ခွန်းသဟန်အပေါ်ထပ်က ဆင်းလာရင်း လှမ်းမြင်လိုက်ရသည်။ သည်အချိန်အပြင်ထွက်ရအောင် သူ့မှာ တွေ့စရာလူများရှိနေပြီလား....။
"သား...ဘယ်သွားမလို့လဲ"
ခွန်းသဟန်မမေးလည်း တီလေးမေးမည်ဆိုတာ သိနေတော့ လွန်းစစ်သွေးနောက်ကနေပဲ ရပ်ကြည့်ကာ နားထောင်နေမိသည်။
"ကျွန်တော်အပြင်မှာ ချိန်းထားတာလေးရှိလို့ တီလေး"
"ဟိုနေ့က သားကိုဖုန်းဆက်တဲ့ကောင်မလေးလား"
လွန်းစစ်သွေးကရှက်သွားသည့်ပုံစံ ဖြစ်သွားတာကြောင့် ခွန်းသဟန်စိတ်ထဲတစ်မျိုးဖြစ်သွားမိသည်။ သူ့မှာ တကယ်ပဲ တခြားတစ်ယောက်ရှိနေပြီလား။ အပြောင်းအလဲ မြန်လိုက်တာ။ ဒါနှင့်များ မိမိကိုဘာလို့ သဝန်တိုသလို လုပ်နေသေးလဲ...။
"မဟုတ်ပါဘူး တီလေးရဲ့။ ဒီအတိုင်း ကိစ္စလေးရှိလို့ပါ"
"အေးအေး ဂရုစိုက်သွားဦးသား"
"ဟုတ်တီလေး။ ဒါဆို ကျွန်တော်သွားပြီနော်တီလေး"
လွန်းစစ်သွေးအိမ်ထဲမှ ခပ်မြန်မြန်ထွက်လာခဲ့သည်။ နေရတုဘက်က ချိန်းရသည့်ကိစ္စကို သိချင်စိတ်ပြင်းပြနေပြီ။ Taxiတစ်စီးငှါးပြီး ကျုံးရှိရာအရပ်သို့ စိတ်ထက်လူကအရင်ရောက်နှင့်နေပြီ။
လွန်းစစ်သွေးမရောက်ခင် နေရတု အရင်ရောက်နှင့်နေသည်။ အမည်းရောင်ကားကို ကျောမှီကာ ရပ်နေရင်း လွန်းစစ်သွေးကို မြင်တော့ လက်လှမ်းပြလိုက်သည်။ လွန်းစစ်သွေးလည်း နေရတုဆီသို့ ခပ်သွက်သွက်သွားကာ သူ့ဘေးတွင်ရပ်လိုက်ပြီး လိုရင်းကိစ္စကိုမေးလိုက်သည်။
"ဘာကိစ္စလဲ"
နေရတုမျက်နှာကိုကြည့်ရသလောက်က အပူအပင်တွေပိနေသောလူလိုပင်။ နေရတုက လွန်းစစ်သွေးနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။
"မင်းကလေးကို တကယ်ချစ်လား"
နေရတု၏ရုတ်တရက်မေးခွန်းက အံ့သြစရာပင်။ သူသည်လိုမေးမည်ဟု မထင်ခဲ့မိတာအမှန်။
![](https://img.wattpad.com/cover/221313690-288-k208478.jpg)