Nora (Ep-32)

2.7K 300 45
                                    

Unicode

လွန်ခဲ့သော လေးလခန့်....။

3Starsတွင် အလုပ်ကိစ္စအတွက် ချိန်းထားသဖြင့် ခွန်းသဟန် ရောက်နေမိသည်။ ကိုနေနှင့် ဧည့်သည်က နောက်မှရောက်လာမည်ဖြစ်၍ အေးအေးဆေးဆေးဖြစ်နေသည်။ ညနေငါးနာရီခွဲမှ ချိန်းထားတာဖြစ်ပေမဲ့ တစ်ယောက်တည်းအေးဆေးလေး နေချင်သေးတာကြောင့် စောထွက်လာမိသည်။

စားပွဲဝိုင်းတစ်ခုတွင် ထိုင်လိုက်ရင်း ကော်ဖီတစ်ခွက်မှာလိုက်သည်။ လာချပေးသည့် ဝိတ်တာလေးသည် ဧည့်သည်တွေဆီ စိတ်ရောက်ဟန်မပေါ်။ ဝိုင်း၂၁မှာ ထိုင်နေသည့် မိန်းကလေးတစ်ယောက်ဆီကိုပဲ စိတ်ရောက်နေရှာသည်။ အလုပ်လုပ်ရင်း ထိုမိန်းကလေးကို လှမ်းကြည့်ရတာ အမော...။ သူ့ကောင်မလေး ထင်ပါ၏။

သူကော်ဖီသောက်ရင်း ထိုကောင်လေးကို စိတ်ဝင်စားနေမိသည်။ အလုပ်လုပ်လိုက် သူ့ကောင်မလေးကို လှမ်းကြည့်ပြီးပြုံးလိုက်နှင့် တော်တော်ချစ်မည့်ပုံ။ ကောင်လေးကရော ကောင်မလေးကရော ချောလိုက်ကြတာ။ လိုက်ဖက်နေရောပေါ့။

ကောင်လေးက အရပ်ကြီးတော်တော်ရှည်သည်။ ရှည်သည့်အရပ်နှင့်လိုက်သော ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ပြန်သည်။ မျက်လုံးမျက်ခုံးကောင်းကောင်းနှင့် ယောက်ျားပီသသည့် မျက်နှာ။ ပြုံးလိုက်လျှင်တော့ ကလေးတစ်ယောက်လို မျက်နှာပြောင်းသွားပြန်၏...။ တစ်ခဏကြာတော့ ထိုကောင်လေးသည် ပုံမှန်အဝတ်အစားလဲပြီး ပြန်ထွက်လာသည်။ အချိန်ပိုင်းအလုပ်နှင့်တူသည်။ ပြန်တော့မည်ထင်ပါရဲ့...။

ခွန်းသဟန်လည်း ကိုယ့်ဘာသာကော်ဖီလေး အေးဆေးသောက်ပြီး နာရီလေးတကြည့်ကြည့်လုပ်နေတုန်း ဝိတ်တာကောင်လေးသည် မီနူးလေးကိုင်ကာ ပြန်ထွက်လာပြန်သည်။ ဘာများဖြစ်ပါလိမ့်...။

ကြည့်နေရင်း သူတို့ပြဿနာတက်ကြသည်။ ကောင်လေးသုံးယောက်မှ ဝိတ်တာလေးကို သက်သက်ပြဿနာရှာနေကြတာပင်။  လူတွေကလည်းခက်ပါရဲ့။ ကိုယ့်ထက်နိမ့်သည်ထင်လျှင် နိုင့်ထက်စီးနင်းလုပ်ချင်ကြသည်။ စိတ်ပျက်စွာ ညည်းတွားနေရင်း မျက်လုံးထဲမှာ မြင်လိုက်ရသည့် မြင်ကွင်းက သွေးခြောက်ခြားသွားလောက်သည်။

NoraWhere stories live. Discover now