အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)

11.8K 2.4K 111
                                    

[ မင်းတို့ကို အရေးကြီးတယ်လို့တောင်  ငါမယူဆဘူး ]

တစ်ဖက်တွင်လည်း ။

တောင်ပေါ်က လမ်းကြားတစ်ခု၀ယ် သူရိယစန္ဒာတောင်စခန်း၏ လျှို့ဝှက်သက်တော်စောင့်များက သွမ့်ယောင်ကို နေရာတစ်ခုဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလာ၏။

"ဒီဘက်မှာပါ....ရှောင်၀မ်ရယ်။ အဲ့နေ့က ကျွန်တော်တို့ မြို့ထဲအသွားမှာ ၀တ်ရုံနက်တွေ၀တ်ထားတဲ့ လူတစ်စုက အဲ့ဘက် ၀င်သွားတာတွေ့လိုက်တယ်။ ကျွန်တော်တို့ကလည်း စိတ်ထဲ ထားတောင်မထားမိဘူးဗျ၊  ချောင်ယာလူမျိုးစုမှန်း အစကတည်းက သိရင်တော့ ချက်ချင်းလိုက်သွားပါတယ်"

"ကျေးဇူးပဲ။ ကျွန်တော် လိုက်သွားကြည့်ဦးမယ်"

"ရှောင်၀မ်ရယ်ခင်ဗျာ ၊ မိုးလင်းတဲ့အထိ စောင့်ပါဦး။ ဒီနေရာက အရမ်းအန္တရာယ်များလို့ တစ္ဆေကိုးကောင်ဆင်းတဲ့တောင်လို့တောင် ခေါ်ကြတာ။ တကယ် သရဲတစ္ဆေရှိလို့မဟုတ်ဘူးနော်၊ တောင်ပေါ်တက်တဲ့လမ်းက ရွှံ့တွေနဲ့ အရမ်းချော်တာမို့ မြေပါပြိုရင်တော့ ညကြီးမင်းကြီးထဲ တစ်ယောက်တည်း ဒုက္ခရောက်ကုန်မှာ"

သွမ့်ယောင်ကလည်း လက်မလျှော့ပေ။

"ဘာမှမဖြစ်ဘူး။ တစ်ရက်နောက်ကျသွားမှ သူတို့ကို ဘယ်မှာသွားရှာရမယ်မှန်းမသိဖြစ်ကုန်မယ်၊ သူတို့သဲလွန်စ ရှာရတာ ခက်ပါသဘိနဲ့"

သူရိယစန္ဒာတောင်စခန်းက သက်တော်စောင့်များလည်း အချင်းချင်း ခေတ္တမျှ ကြည့်နေလိုက်ကာ ကြံရာမရသည့်အဆုံး၊ ရှေ့မှသွမ့်ယောင်ကို ဖျန်ဖြေညှိနှိုင်းလို့လည်း မရသည့်အဆုံး သွမ့်ယောင်နောက်မှ လိုက်လံစောင့်ရှောက်ရန် အတူလိုက်ပါလာခဲ့ကြလေသည်။ ရှောင်၀မ်ရယ်သာ ဒဏ်ရာတစ်ခုခု ရသွားခဲ့လျှင် ရှီးနန်စံအိမ်တော်ကို မည်သို့ မျက်နှာပြရမည်မှန်းမသိဖြစ်ကုန်ဦးမည်။

တောင်ပေါ်တွင် တစ်ချက်တစ်ချက် လေပြည်အေးများ တိုက်ခတ်လို့လာသည်။သေချာနားဆင်ကြည့်လျှင် ကလေးငိုသံသဲ့သဲ့ကို ကြားရမည်ဖြစ်ပြီး ကြားရသူအား အတော် ထိတ်လန့်ခြောက်ခြားစေနိုင်ပေသည်။

ဧကရာဇ်ဗျူဟာWhere stories live. Discover now