အခန္း ၂ ( Unicode )

985 176 1
                                    

ငါက ရှောင်းကျန့်.. ရှေ့မှာတုန်းက ပြောခဲ့သလိုပဲ ရွာစောင့်နတ်မင်း.. ။ ဒီနေ့တော့ ဆက်ခံသူလေး ရိပေါ်ကို ရွာစောင့်နတ်တို့ တတ်အပ်တဲ့ ပညာတွေ သင်ပေးဖို့ လုပ်တော့မယ်..။ ရွာစောင့်နတ် ဖြစ်ဖို့ အတွက် ပထမဆုံး အရေးကြီးတဲ့ အချက်က ကောက်ပဲသီးနှံဖွံ့ဖြိုးအောင် စောင်မဖို့ပဲ..။ အဲဒီတော့ ငါက ရိပေါ်ကို လက်တွေ့ပြလို့ရအောင် မိုးတိမ်နတ်သမီးရွှမ်းလုကို စိတ်ဝိညာဉ် စက်ကွင်းနဲ့ လှမ်းခေါ်လိုက်တယ်..။ မိုးမခသေရည် တစ်အိုး ပေးမယ်ဆိုတဲ့ ကတိ စကားကတော့ မပါမဖြစ်ပေါ့..။

ဘာလို့မိုးတိမ်နတ်သမီးကို ခေါ်ရလဲကတော့ ရှင်းရှင်းလေးပဲလေ..။ ကောက်ပဲသီးနှံဖွံ့ဖြိုးဖို့ အရေးကြီးဆုံးက မိုးရေပဲ မလား ..။ အဲဒီ့တော့ အချိန်တန်ရင် မိုးရွာဖို့ မိုးတိမ်နတ်သမီးကို လာဘ်ထိုးတတ်ရမယ်.. သူပြောတဲ့ အတင်းပလင်းလေးတွေ နားထောင်ပြီး လေပေးဖြောင့်ရမယ်..။ ဒါဆိုရင် ရွာစောင့်နတ်ရဲ့ ပထမတာဝန်က ပြီးပြီ..။ ကျန်တဲ့ မြေဆီမြေနှစ်နဲ့ ဆိုင်တဲ့ ကိစ္စတွေကတော့ ရွာသားတွေ ကုသိုလ်ကံပေါ်မူတည်ပြီးအထွက်နှုန်းအနည်းအများ ကွာသွားလိမ့်မယ်..။

အစိမ်းရောင်ဖျော့ဖျော့ ဇာလွှာကို ဝတ်ထားတဲ့ မိုးတိမ်နတ်သမီးက ငါ ထိုင်နေတဲ့ ခုံနားကို အပြေးအလွှားရောက်လာတယ်..။ သူ့ကြည့်ရတာ အတင်းပြောချင်လွန်း အားကြီးလို့ အငြိမ်တောင် မနေနိုင်တော့သလိုပဲ..။

"  ကျန့်ကျန့်ရေ.. ရှောင်းကျန့်ကျန့်လေး.. ဆက်ခံသူ ရောက်တယ်ဆို.. "

ရွှမ်းလုက ပြောပြောဆိုဆို ငါ့ဘေးနားကို ကပ်ထိုင်ချလိုက်တယ်..။ သူနဲ့ငါက အသက်အရွယ်လည်း သိပ်မကွာတဲ့ အပြင် နှစ်ခြောက်ရာ ဆိုတဲ့ အတိုင်းအတာက တစ်ယောက်နဲ့ တစ်ယောက် မောင်နှမအရင်းတွေလို့ ရင်းနှီးဖို့ လုံလောက်နေပြီလေ..။

" ဘယ်သူလဲ ဘယ်လိုလေးလဲ အစွမ်းထက်လား ဘယ်နန်းဆောင်ကလဲ.. "

အဆက်မပြတ်မေးနေတဲ့ ရွှမ်းလုကို ဖြေဖို့ လုပ်တုန်းမှာပဲ မီးဖိုဆောင်ထဲကနေ ရိပေါ်က လင်ဗန်းတစ်ချပ်ကို ကိုင်လို့ထွက်လာတယ်..။ ငါ့ရဲ့လက်ထောက် ယုန်ဘုရင် လုပ်ပေးလိုက်တဲ့ ကြာပန်းလက်ဖက်ရည်ကြမ်းကို သယ်လာတာ..။ ကျောက်စိမ်းရောင် တောက်နေတဲ့ လင်ဗန်းကို စားပွဲပေါ်ချရင်း ရိပေါ်က ငါနဲ့ ရွှမ်းလုကြားထဲကို လှမ်းကြည့်တယ်..။ ကျောက်စားပွဲ အဝိုင်းရဲ့ ပတ်ပတ်လည်ချထားတဲ့ ခုံတွေမှာ ငါနဲ့ ရွှမ်းလုက ဘေးချင်းကပ်ရက် ထိုင်နေတာ..။ ရိပေါ်ရဲ့ မျက်လုံးထဲက အရှိန်အဝါက ပြင်းထန်လွန်းလို့ ရွှမ်းလုက ခပ်မြန်မြန်ပဲ ငါနဲ့ တစ်ခုံကျော်ကို ရွှေ့သွားတယ်..။ ပြီးတော့ ရိပေါ်ကို မယုံသလို စိုက်ကြည့်နေတယ်..။

ဆက်ခံသူကို သင်ပြခြင်းWhere stories live. Discover now