လမ်းခွဲခြင်း မှတ်စု (စ/ဆုံး)

2.3K 265 30
                                    

# လမ်းခွဲခြင်းမှတ်စု (Translation of chinese novel Turning back Time)
___

အမေက ဖုန်းထဲကနေ အသားကုန်ခြစ်အော်လာသည်။ "ဘာရယ်... ကွဲတော့မယ်၊ ဘာလို့လဲ..."

ကျွန်မ မျက်မှောင်ကြုတ်လိုက်မိသည်။ နားပါ အူသည်။ လက်ကလည်း ဖုန်းကို အလိုလို နားမှ ခွာမိလျက်သား။

ကွာရှင်းဖို့ဆိုသည်မှာ နှစ်ဦးနှစ်ဖက် သဘောသာ ဖြစ်သည်။ နှစ်ဦးသားကြားက အိမ်ထောင်ရေးဖြစ်ပေလျက် ကွာရှင်းပြီဆိုလျင်တော့ အခြားသူများ၏ မေးမြန်းစူးစမ်းခြင်းကို တရစပ် ရင်ဆိုင်ကြရတော့ပြန်သည်။

"အမေ... သမီးတို့ ဒီနေ့ပဲ လက်မှတ်ထိုးပြီးသွားပြီ၊ အမေ ကန့်ကွက်လို့လည်း မရတော့ဘူး" ကျွန်မ ပြန်ပြောဖြစ်သည်။

အမေက ဆက်၍ မေးစမ်းပြန်သည်။ "ဘယ်သူဘက်က စကွာချင်တာလဲ"

ကျွန်မ ပြန်ဖြေခဲ့သည်။ "သမီးပါ အမေ... သမီး တခြားတစ်ယောက်ကို ချစ်မိလို့"

အမေကတော့ ကျွန်မပြောတာကို မယုံပါဘူး။ "နင်က ငါ့သမီးပဲ၊ နင် ဘယ်လိုလူလဲ ငါ သိတာပေါ့..."

သူမ စကားကြားတော့ ကျွန်မ ရယ်မိသည်။ အကြောင်းက ကျွန်မကိုယ်တိုင်တောင် ကျွန်မ ဘယ်လိုလူစားမှန်း မသိသောကြောင့်။ "အမေ စိတ်မပူပါနဲ့၊ အခုခေတ်မှာ ကွာရှင်းနေကြတဲ့ အိမ်ထောင်တွေမှ အများကြီး၊ သမီးတို့က သူတို့တွေလို သူလို ကိုယ်လိုပါပဲ..."

အမေက တုန့်ပြန်သည်။ "ဒါပေမဲ့ ဒီလောကကြီးမှာ သက်ဆုံးတိုင် အတူ မခွဲ၊ တွဲလက်မြဲတဲ့ လင်မယားတွေလည်း ထုနဲ့ ဒေးပဲ... ငါ့သမီးကရော ဘာလို့ သူတို့လို သူလို ကိုယ်လို မဖြစ်နိုင်ရတာလဲ သမီးရယ်..."

ကျွန်မ နွမ်းလျဖျော့တော့စွာ ပြုံးရင်းက အမေ့အပြောကို ပြန်ဖြေဖြစ်ခဲ့သည်ထင်ရဲ့။ "သမီးတို့ အဲ့ဒီလင်မယားတွေလို တွဲလက်မြဲစေမဲ့ ပညာတွေ မတတ်ခဲ့လို့ ဖြစ်မှာပေါ့..."

အမေ သက်ပြင်းချလိုက်သံ ကြားရသည်။ "တန်းရှင်း... တန်းရှင်းရယ် အမေတို့ သမီးကို နာမည်ပေးမှားခဲ့တာပဲ၊ အမြဲစိုးရိမ်စရာ ဖြစ်ရတယ်"
[တန်းရှင်း - စိုးရိမ်ပူပန်သည်နဲ့ အသံထွက်ဆင်နေ]

လမ်းခွဲခြင်း မှတ်စုWhere stories live. Discover now