Eight 💛 Uni

1.7K 240 139
                                    

ညဦးယံအချိန်မို့ ဆီမီးရောင်ခပ်မှိန်မှိန်ထွန်းထားသည့် အိမ်ရှေ့စံ နန်းဆောင်အပြင်ဖက်မှာ စောင့်ကြပ်နေသော ကိုယ်ရံတော်တချို့နှင့် အပါးတော်မြဲတချို့ရှိနေသည်။

ကျယ်ဝန်းသော နန်းဆောင်အခန်းပတ်လည်တွင် ရွှေချထားသော ကျွန်းသစ်သားတိုင်များ အစီအရီနေရာယူလျက်ရှိသည်။ အိမ်ရှေ့မင်း စက်ရာသလွန်ထက်မှာတော့ လီယောလ်အမည်ခံ အိမ်ရှေ့မင်းသားချန်းယောလ်က နှဖူးပေါ်လက်တင်ကာ ငြိမ်သက်စွာမှေးစက်နေသည်။ အခန်းထဲဝင်လာတည်းက လေးလံလှသည့် ဦးထုပ်နဲ့ အဆောင်အယောင်တွေအကုန်ချွတ်ပစ်ခဲ့သည့်တိုင် နက်မှောင်တောက်ပြောင်သည့်ပိုးသားပေါ်မှာ ရွှေချည်ထိုးထားသော နဂါးဝတ်ရုံက သူ့ကိုယ်ပေါ်တွင် ဖရိုဖရဲကျန်ရှိနေသေးသည်။

နန်းတော်ထဲစရောက်တဲ့နေ့ကစလို့ တိုင်းရေးပြည်ရေးတွေနဲ့ပတ်သတ်ပြီး ဖခမည်းတော်ကို အစွမ်းကုန်ကူညီရသည်။ ညီလာခံမှာ ဘုရင်ဘာလုပ်လုပ် မကောင်းမြင်တတ်သော မှူးကြီးမတ်ရာတို့နဲ့အပြိုင်ငြင်းလိုက်ခုန်လိုက်၊ စာအုပ်တွေကြားထဲနစ်ပြီး လေ့လာလိုက်၊ စစ်ရေးဗျူဟာစာအုပ်၊ စာရင်းဇယားစာအုပ်အထူကြီးတွေကြည့်လိုက်၊ မှတ်လိုက်နဲ့ အချိန်တွေဘယ်လိုကုန်လို့ကုန်သွားမှန်းမသိတဲ့ စိတ်ဖိစီးလွန်းသော တနေ့တာ၏အဆုံးသတ်မှာ ဒီလိုပဲ သလွန်တော်ကြီးပေါ် ပိုးလို့ပက်လက်လှဲချပြီး အပန်းဖြေရတာ အရသာရှိပေသည်။

တခြားမင်းညီမင်းသားတွေလို အလုပ်အားတဲ့ ညနေပိုင်းတွေမှာ သောက်လိုက်စားလိုက်၊ ယူထားတဲ့ ကတော်မယားတွေနဲ့ ပျော်လိုက်ပါးလိုက်၊ အိပ်ဆောင်ဝင်လိုက်နဲ့ အပန်းဖြေဖို့နေနေသာသာ မိဖုရားတွေရဲ့နန်းဆောင်က ဘယ်နားမှာရှိမှန်းတောင် သူ အတိအကျမသိ။ လူရောစိတ်ပါ ညောင်းညာနောက်ကျိနေချိန်မှာ ချန်းယောလ်၏ တခုတည်းသော အပန်းဖြေနားခိုရာလေးက သိပ်မကြာခင်ပဲ ခြေသံတိုးတိုးလေးနဲ့ အနားကပ်လာတော့မည်ကိုသာ သူသိသည်။

" ခြေလက်မဆေးတော့ဘူးလား...အရှင့်သား "

မျက်လုံးမဖွင့်ခင်မှာတောင် ရိုးရှင်းစွာဆွဲငင်နိုင်သော နှင်းဆီပန်းရနံ့စွက်သည့် ကိုယ်သင်းနံ့လေးက ချန်းယောလ်နှာသီးဝမှာကျီစယ်လာသည်။ ပုခုံးလေးကျော်ရုံ သိမ်မွေ့စွာ ဖြန့်ချထားသောဆံနွယ်တို့ကို တဝက်စည်းကာ ကျစ်ဆံမြီးကျစ်ထားတာမို့ ပုခုံးလေးတဖက်ပေါ်မှာ ကပိုကယိုဝေ့ဝဲကျနေတဲ့ ဆံစတချို့က ချန်းယောလ်၏နမ်းရှိုက်မှုကို ငံ့လင့်နေသယောင်ရှိသည်။

Always 💜 ( Z+U )Where stories live. Discover now