Part - 16 (U, Z)

1K 102 8
                                    

[Unicode]

ခြံရှေ့မှာ ကားရပ်လိုက်သည်နှင့် ဦးဇော်က ချက်ချင်းတံခါးလာဖွင့်ပေးသည်။ ကားမှန်ကိုချပြီး ဦးဇော်ကို သူနှုတ်ဆက်လိုက်သည်။

"ဦးဇော် နေကောင်းတယ်နော်"

"နေကောင်းပါရဲ့ဗျား သားလင်းသန့် အိမ်ပြန်မလာတာ အတော်ကြာပြီရော့"

"ဟုတ်တယ် ဦးဇော် ကျွန်တော်အလုပ်တွေအရမ်းများနေလို့။ ကြီးသန်းတစ်ယောက်ရော"

ဦးဇော်နဲ့ကြီးသန်းတို့လင်မယားက သူငယ်ငယ်လေးကတည်းက အိမ်မှာရှိတဲ့လူတွေဖြစ်သည်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို ချစ်လည်းချစ်ပြီး ဂရုလည်းစိုက်သည်။

"သန်းသန်းက အိမ်ကြီးထဲမှာဖြစ်မယ်။ သားလင်းသန့် ကို ထမင်းစားဖို့ခေါ်ထားတယ်ဆိုပြီး မနက်လင်းကတည်းက သူဌေးကတော်နဲ့ သန်းသန်းတို့ မီးဖိုခန်းထဲကမထွက်ကြဘူးလေ"

"ဟုတ်ကဲ့ ဦးဇော် ကျွန်တော်ဝင်သွားကြည့်လိုက်မယ်"

ကားကိုခြံထဲအထိမောင်းဝင်သွားလိုက်ပြီး ဆင်ဝင်အောက်တွင်ရပ်ထားလိုက်သည်။ ဂိုထောင်ဘက်ကိုလှမ်းကြည့်တော့ ဖေဖေ့ကားကိုတွေ့လိုက်ရသည်။ သူအိမ်ထဲဝင်သွားလိုက်တော့ ဖေဖေကဧည့်ခန်းမှာဖုန်းပြောနေသည်။ သူရောက်ကြောင်း ဖေဖေ့ကိုအကြည့်နဲ့နှုတ်ဆက်လိုက်တော့ ထမင်းစားခန်းထဲသွားဖို့ ဖေဖေကလက်ဟန်ပြသည်။

သူလည်း ထမင်းစားခန်းထဲကဖြတ်လျှောက်ပြီး မီးဖိုခန်းအတွင်းသို့ ခေါင်းဝင်ပြီးကြည့်လိုက်သည်။ မေမေကဇွန်းတစ်ချောင်းကိုင်ပြီး ဟိုအိုးမွှေ ဒီအိုးမွှေလုပ်နေသည်။

"မေမေ ကျွန်တော်ရောက်ပြီနော်"

"ဟော! မေ့သားရောက်ပြီလား။ သား လာ လက်ဆေး ပြီးရင်ထမင်းစားခန်းထဲမှာ ဖေဖေ့ကိုခေါ်ပြီးစောင့်နေ မေမေဟင်းပွဲတွေပြင်ပြီး ထွက်လာခဲ့မယ်"

မေမေခိုင်းသည့်အတိုင်း လက်သွားဆေးပြီး ထမင်းစားခန်းထဲပြန်ဝင်သွားလိုက်တော့ ဖေဖေကထိုင်ခုံမှာထိုင်စောင့်နေပြီ။

"ဖေဖေ လုပ်ငန်းတိုးချဲ့မယ့်ကိစ္စတွေ အဆင်ပြေလား"

"အဆင်ပြေတာတော့ပြေတာပေါ့ ဒါပေမယ့် အားကိုးချင်တဲ့သားတွေ အနားမှာမရှိတော့ ဖေဖေက ပိုမောရတယ်"

တွယ်ငြိခြင်း THEORYWhere stories live. Discover now