“ ကိုကို ”
လူမှန်းသိတတ်စအရွယ်ကတည်းက အသက်နှစ်ဆယ့်သုံးနှစ်ပြည့်တဲ့ယခုအချိန်အထိ နှစ်ကြိမ်ထက်ပိုပြီး မခေါ်ခဲ့ဘူးသောနာမ်စား ...... ။
ယောကျာ်းလေးတစ်ယောက်က သက်ဆိုင်သူယောကျာ်းလေးတစ်ဦးကိုခေါ်လိုက်တဲ့အခါ ထိုနာမ်စားဟာ ကြားရသူဘေးလူအဖို့ရော၊ ခေါ်လိုက်သူအဖို့ပါ ရှိုးတိုးရှန့်တန့်နှင့် အနေရခက်ခဲသွားမှာတော့အမှန်ပါပဲ။
ကျွန်တော့်အဖြစ်ကတော့ အနည်းငယ် ကိုးရို့ကားယားဆန်လှသည်ဟု ထင်မိသည်။ ထိုအကြောင်းကိုပြောမယ်ဆိုလျှင် ကိုကိုနှင့်ဆုံခဲ့သည့် ၂၀၁၈ခုနှစ်ကို တစ်ကြော့ ပြန်လှည့်ရမည်ထင်သည်။
ကိုကိုနှင့်ဆုံတွေ့ ခဲ့သည့် ရက်စွဲအတိအကျကိုမမှတ်မိတော့ပေမဲ့ ထိုနေ့ကကိုကို့ပုံစံသည် ယနေ့အထိ ကျွန်တော့်၏အမြင်အာရုံထဲ မှတ်ထင်ကျန်ရစ်နေဆဲပင်ဖြစ်သည်။ လည်ဝိုက်အင်္ကျီအဖြူကို နက်ပြာရောင်ဂျင်းဘောင်းဘီထဲညှပ်ထည့်ပြီး သပ်သပ်ရပ်ရပ်၊ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသည့် ကိုကို့ပုံစံဟာ အဝေးကလှမ်းကြည့်ရုံနှင့်တင် လူချော၊ လူသန့်တစ်ယောက်ဆိုတာ အသာကလေးမှန်းဆလို့ရနိုင်ပါသည်။
အရပ်ငါးပေနှင့် ဆယ့်တစ်လက်မနီးပါးရှိသောကိုကိုဟာ ရုပ်ရည်ချည်းကြည့်ကောင်းနေတာမျိုးမဟုတ်ဘဲ လူငယ်တစ်ယောက်မှာရှိသင့်တဲ့ အိပ်မက်တွေ၊ အရည်အချင်းကောင်းတွေကိုလည်း တသီတတန်းကြီးပိုင်ဆိုင်ထားသူဖြစ်သည်။
ကိုကိုနဲ့သိကျွမ်းခွင့်ရခဲ့တာက ရိုးရာစစ်တုရင်ကလပ်တစ်ခုမှ အသိစီနီယာတစ်ယောက်၏ နှုတ်ဆက်ပွဲတွင်ဖြစ်သည်။ ကိုကိုဟာ ကျွန်တော့်အသိစီနီယာနှင့် နှစ်ဝမ်းကွဲညီအစ်ကိုတော်စပ်ကြ၏။ ဒါကြောင့်နှုတ်ဆက်ပွဲကို ကိုကိုလည်းရောက်လာခဲ့တာဖြစ်သည်။ ရောက်စကတည်းက စားပွဲပေါ်မှာတင်ထားသော ရေအေးအေးတစ်ခွက်ကို စိမ်ပြေနပြေသောက်နေသည့်ကိုကို့ပုံစံဟာ တည်ငြိမ်အေးဆေးလွန်းလှသည်။
YOU ARE READING
ကာလာစုံဝတ္ထုတိုများ စုစည်းမှု
Short Storyကာလာစုံဝတ္ထုတိုများသည် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်လေ့၊ ဖြစ်ထရှိသည့်ဖြစ်ရပ်များထဲမှ အချို့သောဖြစ်စဥ်တို့ကို လက်တွေ့ နှင့်စိတ်ကူးစိတ်သန်းတို့ပေါင်းစပ်ကာ ဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။