( 19 )

2.6K 214 10
                                    

[Unicode]

ရှေ့မျက်နှာစာကို မှန်ပြင်ဖြင့် ကာထားသော အခန်းတစ်ခုအတွင်း၌ မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေသည်။ ဖြောင့်စင်းသော ဆံနွယ်များက ဖြူစင်သော suit ၏ ကျောပြင်ထက်တွင် နွဲ့နေ၏။ အချိုးအဆစ် ကျနသော ခန္ဓာကိုယ်ကလည်း ချွန်မြသော ဒေါက်ဖိနပ်၏ အပေါ်၌ လှပပေါ်လွင်နေသည်။

"လွှာရုံရာ ဒါကို ငြိမ်ခံနေတာ နင့်စတိုင် မဟုတ်ပါဘူး။ သူတို့ကပဲ ခု တွဲသွားတွဲလာ တအားလုပ်နေတာလား၊ ငါကပဲ သူတို့သွားတဲ့နေရာတွေ တိုက်တိုက်ဆိုင်ဆိုင် သွားမိနေတာလားတော့ မသိဘူး။ မင်းအာဏာဆိုတဲ့ကောင်က တကယ် အရှက်မရှိချက်။ တခြားသူဆို မပြောပေမဲ့ အကြောင်းသိနေတဲ့ ငါကတော့ သူ့ကို သိပ်အမြင်ကတ်တာပဲ။"

ကျောက်ရုပ်ပမာ ငြိမ်နား‌ထောင်နေရင်းက ၀တ်လွှာရုံ နည်းနည်း လှုပ်ရှားသွားရသည်။

"ငါက ဘာလုပ်လို့ ရမှာလဲဟာ။ သူတို့က လက်ထပ်ပြီးသားလေ။ ဖေဖေတို့ကိုလည်း ဖျက်သိမ်းကြောင်း ပြောပြီးသွားပြီ။ သိပြီးသား‌လူတွေက ဒီကိစ္စပဲ ခဏခဏမေးနေလို့ ဖေဖေ စိတ်ညစ်နေတာ၊ ငါက အပူထပ်မပေးချင်တော့ပါဘူး။"

"အေး ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ငါတို့က ဘာလုပ်လို့ ရမှာလဲ။ ဒေါသထွက်လို့သာ လှမ်းပြောရတာ။"

"အေးပါ ပြောပေးလို့ ကျေးဇူးပါပဲ။ နောက် သူတို့ကို တွေ့ရင်လည်း အရင်ရှောင်သွားပေါ့ဟာ။"

"အေးပါ။ ဒါဆို နောက်မှ တွေ့မယ်။"

အသံပျောက်သွားသည်နှင့် ၀တ်လွှာရုံ ထိုဖုန်းကို ပစ်ချလိုက်သည်။ သူ(မ)ကို အမှန်တကယ် စိတ်ပူခြင်းလား၊ ဒေါသလာဆွပေးခြင်း ဖြစ်သလား ဆက်သူကိုယ်တိုင်ပဲ သိလိမ့်မည်။

ပုံမှန်အချိန်ဆိုလျှင် သို့မဟုတ် အပြင်ပန်းကကြည့်လျှင် မခုတ်တတ်သော ကြောင်လေးပမာ ၀တ်လွှာရုံက ရိုးသားသည်။ သို့သော်လည်း ယခုအခါတွင်တော့ အကြည့်များက စူးရှလက်ပြောင်လျက် ထက်မြက်မှုအား ဖော်ပြသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများကလည်း သူ(မ)၏ ပြတ်သားသော စိတ်ဓာတ်ကို ဖော်ပြသည်။

စားပွဲရှိရာသို့ လျှောက်လာပြီးနောက် ဆုံလည်ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်၏။ ထိုစားပွဲပေါ်တွင် ပစ္စည်းများက ရှင်းလင်းနေသည်။ ထို့အတွက် အလုပ်စားပွဲ မဟုတ်မှန်း သိသာစေ၏။ သို့ရာတွင် အပျင်းပြေကစားသည့် စားပွဲလည်း မဟုတ်တန်ရာ။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now