Chapter 5

6.6K 930 7
                                    

[Unicode]

ဒုတိယနေ့မနက်တွင်၊ ရန်ရိသည် ဟုန်ဝူ ပြည်သူ့လုံခြုံရေးအစိုးရဌာနခွဲသို့ အစီရင်ခံရန် သွားခဲ့သည်။

ထိုဌာနသည် သူတို့၏ မီးသတ်စခန်းနှင့် မဝေးပေ။ သူတို့ စီရင်ပိုင်ခွင့်ရှိသော နယ်မြေထဲတွင် မပါဝင်သော်လည်း၊ အမြဲတစေ ကူးလူးဆက်သွယ်မှုတော့ ရှိခဲ့သည်။ သို့သော် တစ်နည်းပြောရလျှင် ဘယ်အချိန်တုန်းကတည်းက ဤနေရာတွင် ကုံးရင့်ရှန်ကဲ့သို့သောလူမျိုး များလာတာလဲဆိုတာတော့ မသိပေ။ ဌာနတွင်၊ သူ့အား ကူညီစစ်ဆေးပေးရန် တောင်းဆိုထားသည့်သူကို တွေ့လိုက်သည်--စုန့်ပေ။

စုန့်ပေသည် အတွေ့အကြုံရှိသည့် ရဲဝန်ထမ်းတစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် ဟုန်ဝူအစိုးရဌာနခွဲ၏ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၏ တတိယတပ်ရင်းမှ ခေါင်းဆောင်ဖြစ်ပေသည်။ သူ့ပုံစံမှာ အလွန် ဖော်ရွေသည့်ပုံပင်။

ရန်ရိသည် လက်ကို ဆန့်ထုတ်လိုက်ပြီး :

" ခေါင်းဆောင်စုန့်။ "

" ခေါင်းဆောင်ရန်၊ မင်္ဂလာပါ၊ ထိုင်ပါ။ "

နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်၊ ရန်ရိသည် ထိုင်ချလိုက်ပြီး၊ ရုံခန်းကို တစ်ပတ်လှည့်ကြည့်ကြည့်လိုက်သည်။ တစ်ဝက်ထွင်းဖောက်မြင်နိုင်သည့် မှန်ဖြစ်သဖြင့်၊ အပြင်ဘက်မှ ဖြတ်သွားဖြတ်လာလုပ်နေသည့်လူများကို တွေ့မြင်နိုင်ပေသည်။

စုန့်ပေသည် ရယ်လျက် :

" ခေါင်းဆောင်ရန်ကို အလုပ်ရှုပ်စေမိပြီ၊ ဒီလောက်ပူအိုက်နေတဲ့ နေ့မျိုးမှာမှ ဒီကို လာခိုင်းမိတယ်။ "

" အားနာနေပါပြီ။ ခင်ဗျားက စီနီယာပဲ၊ စည်းမျဉ်းအရဆို ကျွန်တော်က ခင်ဗျားနဲ့ လာပြောသင့်တာပါ၊ ကျွန်တော့်ကို ရှောင်ရန် လို့ ခေါ်ရင်ရပါပြီ၊ ဒါပေမဲ့ ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော့်မျိုးရိုးက၊ နည်းနည်းကိုးယိုးကားယားနိုင်တယ်ဆိုတာ။ "

စုန့်ပေသည် တဟားဟားနှင့် ရယ်လိုက်သည်။

" အဲ့တာကြောင့် ကျုပ်က ခင်ဗျားကို ခေါင်းဆောင်ရန်လို့ ခေါ်တာပေါ့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now