(Zawgyi)
မနက်ခင်းနိုးထလာချိန်တိုင်းမှာ သူလေးကိုယ့်ဘေးမှာ ရှိနေတယ်ဆိုတဲ့အတွေးက တစ်နေ့တာလုံးအတွက် လုံလောက်တဲ့အင်အားကို ရရှိစေတယ်...။
ပြက္ခဒိန်ကိုကြည့်မိတော့ Dec 24 ရက်နေ့...။
ဒီနေ့ခရစ်စမတ်အကြိုနေ့ပါလား...။ ယွန်းဂီရောက်လာတာလဲ တစ်လနီးပါးရှိခဲ့လေပြီ....။ သူ့အကြောင်းတွေးမိတာနဲ့တင် ကျွန်တော့်နှုတ်ခမ်းတို့ တွန့်ကွေးလို့ပြုံးမိလာတယ်...။သူဘယ်ဆီများရောက်နေပါလိမ့်လို့ကြည့်မိတော့ အိမ်ရှေ့မြေကွက်လပ်မှာ နှင်းတွေနဲ့ ဆော့နေလေရဲ့...။ သူ့အကြိုက်ဆုံးရာသီက ဆောင်းရာသီလို့ပြောဖူးတာကို ကျွန်တော် တစ်ခါပြန်ပြီးအမှတ်ရလာတယ်...။
သိပ်မထူတဲ့အနွေးထည်လေးပဲဝတ်ထားတာ နှင်းတွေကိုတူးဆွလို့ နှင်းလူရုပ်တစ်ခုကို ပုံဖော်နေတဲ့သူ...။ လုပ်ချင်တာလုပ်နေရတဲ့အတွက် သူ့မျက်နှာလေးက ပြုံးလို့နေတယ်...။ ကျွန်တော်သူ့ကိုပြတင်းပေါက်ကနေ အချိန်အကြာကြီးငေးကြည့်နေမိပြီးမှ သူနဲ့အတူတူ နှင်းလူရုပ်လုပ်ဖို့အတွက် ထွက်လာခဲ့လိုက်တယ်...။
"ယွန်းဂီ... ကိုယ်လဲအတူတူလုပ်ပေးမယ်"
"အင်း... ကောင်းသားပဲ"
သူကကျေကျေနပ်နပ်နဲ့ပဲ လက်ခံခဲ့တယ်...။ ကျွန်တော်တို့ ၂ယောက်အတူတူလုပ်တာကြောင့် နှင်းလူရုပ်က ခပ်မြန်မြန်ပဲပုံပေါ်လာခဲ့တယ်....။ နှင်းတွေကြားထဲလက်နှိုက်လိုက်တိုင်း အေးစိမ့်စိမ့်အထိအတွေ့က လက်အိတ်ဝတ်ထားတဲ့ကြားကပင် ခံစားနေရတယ်...။ အအေးဒဏ်ခံနိုင်တဲ့သူတောင်မှ နှာခေါင်းထိပ်လေးတွေ ရဲနေလေပြီ...။
"ပြီးပြီကွ... ရေး...!!!"
ကလေးတစ်ယောက်လို ပျော်ရွှင်ကြည်နူးစွာဖြင့် လက်နှစ်ဖက်ဆန့်တန်းကာ အော်ဟစ်နေတဲ့သူ...။ အအေးဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့နှင်းတွေက တဖွဲဖွဲကျဆင်းနေတဲ့အတွက် လူကအေးစိမ့်စိမ့်ဖြစ်နေပေမယ့် ကျွန်တော့်နှလုံးသားကတော့ ထူးဆန်းစွာနွေးထွေးလို့နေတယ်...။
"အစ်ကို...သူ့အတွက် မျက်လုံးတို့နှာခေါင်းတို့ ဘယ်လိုလုပ်မလဲ...??"