Part 3

244 28 0
                                    

"အချိန်နှင့် ဒီရေသည် လူကို မစောင့်" ဟူ၍ သူ သင်ကြားခံခဲ့ရဖူးသည်။

အခုတော့ အချိန်နိယာမများပင် ပြောင်းလဲသွားပြီး နွေရာသီသည် မကုန်ဆုံးတတ်တော့ပြီလား။ ပျင်းရိဖွယ် ကောင်းလှသော သူ၏ တနေ့တာသည် နွေဓလေ့ကြောင့် ပိုမိုရှည်လျားနေပြန်သည်။

အကယ်၍များ အချိန်ကို ကျော်ပစ်နိုင်သည့် remote လေး တစ်ခုလေးလောက် ရှိလျှင် မည်မျှ ကောင်းလိမ့်မည်နည်း။

ဤသို့ဆိုလျှင် ဖေဖေ အငြိမ့်ကြည့်သည့်အခါ မင်းသမီး ကသည့်နေရာသို့ ရောက်လျှင် ကျော်ပစ်လိုက် သလိုမျိုး ၊ မေမေ ကိုးရီးယားကား ကြည့်သည့်အခါ ဇာတ်ရံများ စကားပြောသည့် အခန်းကို ကျော်ပစ်လိုက်သလိုမျိူး သူသည်လည်း ဒီနွေရာသီ တစ်ခုလုံးအား ကျော်ပစ်နိုင်လိမ့်မည်။

မနက်အလင်းရောင်ရောက်သည်နှင့် သူ့မိဘနှစ်ပါးသည် လုပ်ငန်းခွင်သို့ အသော့နှင်ကြပြီး တက္ကသိုလ် ၀င် စာမေးပွဲအား ဖြေဆိုထားသော သူ့အမငယ်မှာလဲ အမျိုးအမည်မသိသော သင်တန်းများစွာအတွက် မနက်ခင်းအစမှပင် အိမ်အရိပ်မှ ခွာရသောကြောင့် ဤအိမ်အတွင်း၌ ကျန်ရစ်ခံသူမှာ သူနှင့် အိမ်စောင့်နတ်သာ ရှိသည်။

ပေါများလှသော သူ၏ အချိန်များအား ဖြုန်းတီးဖြစ်ရန် TVအား အားကိုးအားထား ပြုချင်ပါသော်လည်း မနက် မီးမလာ၊ ည မီးမရသည့် အရပ်ဖြစ်သည်မို့ ဖေဖေ ခဲရာခဲဆစ် သွင်းထားသော battery အားလေးအား သုံးပစ်ရန်ကိုလည်း သူ့မှာ သုံးပစ်ဖို့ မဝံ့မရဲ ဖြစ်ရပြန်သည်။

သူ့ဝင်း၊ သူ့ခြံနှင့် နေကြသည့်အပြင် သူနှင့်လည်း စိမ်းသက်နေသော ပတ်၀န်းကျင်၌ "အတူဆော့ကစားရန် သူငယ်ချင်း" ဟူသည့် ဝေါဟာရမှာလည်း သူ့အတွက် ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည်။

ထို့ကြောင့် သူ့အတွက် အပျင်းပြေ လုပ်စရာအဖြစ် သက်ရှိလူသား ဟူ၍ သူ တစ်ယောက်တည်းသာ ရှိသော အိမ်ငယ်အတွင်း သူ လူးလားခေါက်တုံ့ လျှောက်နေရုံသာ ရှိတော့သည်။

အရာရာတွင် အဆုံးသတ်ရှိသကဲ့သို့ သူ၏ ရှည်လျားလှသော တနေ့တာသည်လည်း တဖြည်းဖြည်း ကုန်ဆုံးလုဆဲဆဲ အချိန်သို့ ရောက်ရှိလာသည်။

Neverland (Completed)Where stories live. Discover now