သူ့၏ ပထမဆုံးအကြိမ် လပတ် စာမေးပွဲ၏ ရလဒ်ဖြစ်သော အဆင့် (၂၅) သည် သူ့မိဘများ၏ ပညာရေးလိုဘအား ကျေနပ်နှစ်သိမ့်နိုင်စွမ်း မရှိခဲ့ပါ။
တဖြည်းဖြည်း တိုး၍လာသော ဖိအားများကြောင့် သူ မငယ် ခံစားခဲ့ရသော ဝေဒနာ တစ်စွန်းတစ်စ အား ကိုယ်ချင်းစာနိုင်ခဲ့လေပြီ။
သိသိသာသာရော ၊ မသိမသာပါ နှိုင်းယှဉ်ခံရခြင်းကတော့ သူ၏ နေ့စဉ်ဓူ၀ တစ်နေ့တာတွင် မပါမဖြစ် ဖြစ်လာပြီး သူ့အတွက် ရိုး၍တောင် လာချေပြီ။
ကျောင်း အစ ကျူရှင်အဆုံး ဆရာမအားလုံးက သူ့အား ကိုကြီး၏ အမည်နာမနှင့် တွဲဖက်ကာ မှတ်သားထားကြပြီး သူ့ကိုယ်ပိုင် အမည်နာမအား တစ်ဦးတစ်ယောက်ကမှ မမှတ်မိပါချေ။
သူ့မိဘနှင့် ဆရာမများ သတ်မှတ်ထားသည့် သူ၏ အောင်မြင်မှုသည် နှစ်အတော်ကြာသော်လည်း နေရာတိုင်းတွင် ကျန်ရစ်နေဆဲဖြစ်သည့် ကိုကြီးခြေရာတို့အား သူ ထပ်တူကျအောင် နင်းနိုင်ရန်သာ ဖြစ်ကြောင်း တဖြည်းဖြည်း သဘောပေါက်၍ လာခဲ့သည်။
အိုးကောင်း တစ်လုံးဖြစ်စေရန်သာ အားခဲထားသော သူ၏ မိဘနှင့် ဆရာသမားများသည် သူတို့၏ လက်တွင်းရှိ ကလေးငယ်မှာ ရွံ့စေးတစ်တုံး မဟုတ်ဘဲ လူသားတစ်ယောက် ဖြစ်မှန်းကိုတော့ မေ့လျော့နေကြဟန်တူသည်။
သူ၏ မိဘနှစ်ပါးသည် ကိုယ့်ဒူးကိုယ်ချွန်နိုင်သည့် တည်သုတ ဆိုသော ကလေးငယ်ထက် ကိုကြီး၏ ပြီးပြည့်စုံသော ကိုယ်ပွားတစ်ခုကိုသာ အလိုရှိခဲ့သည်။
အနည်းငယ် ခါးသီးသော်လည်း သူ နားလည်လက်ခံလိုက်ရသည့် အမှန်တရားပင် ဖြစ်သည်။
ကောင်းမွန်သော အနာဂါတ်တစ်ခုအတွက် ပစ္စုပ္ပန်၏ လွတ်လပ်မှုတို့အား ရင်းနှီးမြှုပ်နှံလိုက်ရသည်။ တခါတရံ မေမေ ပုံဖော်ပြလေ့ရှိသော သူ၏ ကောင်းမွန်လှသည့် ပစ္စုပ္ပန်မှ တိုက်အိမ် အကြီးကြီးတွင် နေ၍ ကားအကောင်းစား မြောက်များစွာ ပိုင်ဆိုင်နေမည့် သူဌေးကြီး တည်သုတအား စိတ်ကူးယဉ်မိသည်။
သို့သော်လည်း မက်မောစရာ ဥစ္စာပစ္စည်းတို့နှင့် ပြည့်စုံနေသည့် ထိုစိတ်ကူး အိမ်မက်တို့သည် သူ့အား ပြုံးလဲ မပြုံးစေခဲ့သလို ပျော်လဲ မပျော်စေခဲ့ပါ။
YOU ARE READING
Neverland (Completed)
Short Storyဟော တဂျုံးဂျူံး တဂျက်ဂျက် အသံကို မင်း ကြားရရဲ့လား... မင်း သိပ်တောင့်တနေတဲ့ Neverland ဆီကို အရောက်သွားဖို့ ကိုယ့်လက်ကို တွဲလို့ ထားပါကွယ်..