Chapter 2

6.4K 807 28
                                    

Zawgyi

အခန်း (၂)
တံငါသည်အား လက်ထပ်ရန်သဘောတူခြင်း

မားမားချောင်သည် ရွှယ့်တုန်ထင်း၏မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း ရယ်မောလိုက်မိသည်။ ကြည်လင်သော မျက်ဝန်းလေးများနှင့် ထိုမျက်နှာလှလှလေးသည် သီးသန့်ဆန်သောအလှလေးဖြစ်ကြောင်း ညွှန်းဆိုနေသည်။ မားမားချောင်က ကြင်ကြင်နာနာဆိုသည်။ "သမီးက မငယ်တော့ဘူးလေ။ သမီးက ပိုပိုပြီး ရင့်ကျက်လာရဦးမှာ။ အကယ်၍များ သမီးက မိသားစုကောင်းကောင်းမှာ မွေးဖွားလာခဲ့ရင် ကောင်းကောင်းမွန်မွန် လက်ထပ်သွားရမှာ။ သမီးက မာမားနဲ့အတူ ဒီတစ်လျှောက်လုံး သီချင်းသည်တူတူလိုက်လုပ်ခဲ့ပြီး သမီးရဲ့ဂုဏ်သတင်းကို ပျက်စီးစေခဲ့တာ အရှက်ရစရာပါပဲကွယ်"

ရွှယ့်တုန်ထင်းက သူမခေါင်းကိုခါယမ်းလိုက်သည်။ သူမက ဤနယ်နိမိတ်စွန်လေးမှ သီချင်းအိမ်လေးတွင် နောက်ဆုံးကျန်ရှိသော သူဖြစ်သည်။ ဝမ်ချင်း၊ ယွမ်ရှန်းနှင့် သူမတို့က မားမားချောင်၏ ပြုစုစောင့်ရှောက်မှုအောက် ကြီးပြင်းလာကြသော သူများဖြစ်ကြသည်။ တစ်ချိန်က မားမားချောင်သည် မြိုတော်တွင် အလွန်ကျော်ကြားသော အပျော်မယ်တစ်ဦးဖြစ်ခဲ့သည်။ သူမ အသက်အရွယ်ရလာပြီး မှေးမှိန်သွားချိန်တွင် သူမ(မားမားချောင်)က ရွှယ့်တုန်ထင်းတို့သုံးယောက်ကို ဤမြို့စွန်လေးတွင် မွေးစားခဲ့သည်။ သူတို့သည် အသပြာအနည်းငယ်မျှ စုမိဆောင်းမိစေရန် သီချင်းအိမ်တစ်ခုကို တည်ထောင်၍ ခက်ခဲသောဘဝကြီးတွင် ရုန်းကန်ခဲ့ရသည်။

ဝမ်ချင်းက အကြီးဆုံးဖြစ်ပြီး ရွှယ့်တုန်ထင်းက အလတ်ဖြစ်ကာ ယွမ်ရှန်းကတော့ အငယ်ဆုံးဖြစ်သည်။ ဝမ်ချင်းက သီချင်းဆိုရာတွင် ထူးချွန်ပြီး ယွမ်ရှန်းက ဗျတ်စောင်းတီးရာတွင် ပါရမီပါသည်။ သူမ...ရွှယ့်တုန်ထင်းကတော့ အချောအလှဆုံးဖြစ်သည်လေ။ ဤမိန်းကလေးသုံးယောက်က သီချင်းအိမ်၏ စီးပွားရေးကို တိုးတက်သည်ထက် တိုးတက်လာစေခဲ့သည်။ သို့သော် သူမတို့ အရွယ်ရောက်လာသောအခါ ဝမ်ချင်းက အရင်ဦးဆုံးလက်ထပ်သွားခဲ့သည်။ ထို့ကြောင့် မားမားချောင်က ရွှယ့်တုန်ထင်းနှင့် ယွမ်ရှန်းတို့ကို လူမြင်ကွင်းသို့ မထွက်စေခဲ့ပေ။ ယခင်နှစ်များအတွင်း စုဆောင်းမိခဲ့သော ပိုက်ဆံများက သူမတို့ကောင်းကောင်းမွန်မွန်နေထိုင်သွားနိုင်ရန် လုံလောက်ပေသည်။ သီချင်းအိမ်က လွန်ခဲ့သည့် ခြောက်လအတွင်း မဖွင့်ခဲ့ချေ။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now