အခန်း ၄။ အစ

407 12 2
                                    

ကျွန်မဘဝရဲ့တစ်နေ့ချင်းစီတိုင်းကရိုးရိုးရှင်းရှင်းပဲ။တစ်ခါတစ်လေတော့လည်းပျင်းစရာကောင်းတယ်လို့ ရှင်တို့ထင်ချင်လည်းထင်မှာပေါ့။ကျွန်မကမနက်ဆိုခပ်စောစောလေးထတယ်။ကိုအောင်သောင်း ဆေးရုံမသွားခင် မနက်စာမှီအောင်ပြင်ပေးတယ်။ပြီးရင်နေ့လည်စာအတွက်ဟင်းချက်တယ်။ထမင်းစားချိန်လောက်ရောက်ရင်တော့ ပို့နေ့ကျဆိုင်ကယ်ကယ်ရီကောင်လေးကိုခေါ်ပြီးပို့ပေးလိုက်ရုံပဲ။ကျွန်မတို့လင်မယားကြားမှာ ပြောစရာသိပ်မရှိလှဘူး။ကျွန်မမှာလည်း သူ့ကိုပြောစရာစကားများများစားစားမရှိသလို သူ့မှာလည်း ကျွန်မကိုပြောစရာစကားရှိပုံမရဘူး။ဒါမှမဟုတ်ကျွန်မကို ထားရာနေစေရာသွား အခိုင်းအစေတစ်ယောက်လိုထင်နေတာလားတော့မသိဘူး။နေ့လည်ဘက်ဆိုရင်တော့ ဝတ္ထုလေးဖတ်ရင်ဖတ်၊ဇာတ်လမ်းလေးကြည့်ရင်ကြည့်ပေါ့။ညနေဘက်ဆိုရင်တော့ ခြံထဲရေလောင်းတတ်တယ်။အမြဲတမ်းတော့မဟုတ်ဘူး။ညနေဆို ကိုအောင်သောင်းပြန်လာတာစောင့်ရင် ဟင်းတွေဘာတွေပြန်နွေးတာပေါ့။

ကျွန်မယောက်ျားကိုချစ်လားမေးရင် ကျွန်မ မသိဘူးလို့ပဲဖြေရလိမ့်မယ်။ကျွန်မသူ့အပေါ်သံယောဇဉ်ရှိပါတယ်။တကယ်လို့သူအိပ်ရာထဲလဲပြီး နေမကောင်းဖြစ်နေရင်ကျွန်မလိုလေးသေးမရှိအောင်ပြုစုပေးမှာပဲ။သူကတော့ကျွန်မအပေါ်ဘယ်လိုသဘောထားလဲမသိဘူး။ကျွန်မတို့နှစ်ယောက်ကလူကြီးတွေပေးစားလို့ယူခဲ့တာ။ဗမာတွေရဲ့ ဖန်တရာတေနေတဲ့ ပိုက်ဆံရှိတဲ့အိမ်ကမိန်းကလေးနဲ့ အရည်အချင်းရှိတဲ့ယောက်ျားလေး သားဖောက်တဲ့ပုံစံပါပဲ။ဒါပေမဲ့အဲ့တုန်းကပြန်စဉ်းစားကြည့်ရင် ကျွန်မမှာငြင်းဆန်စရာအကြောင်းလည်းမယ်မယ်ရရမရှိဘူး။ဒီလိုပဲ မိဘစကားနားထောင်ပြီးယူလိုက်တာပဲ။အခုလည်း အဆက်ပြေတယ်လည်းမဟုတ် အဆင်မပြေဘူးလည်းမဟုတ်ပါဘူး။

သဉ္ဇာပြောင်းလာပြီးနောက်ပိုင်းမှာတော့ ကျွန်မဘဝမှာနည်းနည်းစိုပြေလာတယ်လို့ခံစားရတယ်။တစ်ခါတစ်လေဆို သဉ္ဇာကအိမ်ဘက်လာတတ်တယ်။သူလာတိုင်းလည်းစားစရာတစ်ခုခုလုပ်လာတတ်တယ်။ချဉ်ချဉ်စပ်စပ် လက်ဖက်သုပ်ကို ကြက်သွန်ဒေါင်းပြားကြော်ကြီးတွေဖြူးပြီး ရွှေပုစွန်ခြောက်ရဲရဲလေးတွေနဲ့က ကျွန်မသဘောအကျဆုံးပဲ။တစ်ခါတစ်လေလည်း ရွှေကြည်၊ငှက်ပျောရွှေကြည်၊သာဂူ အချိုလေးတွေလုပ်လာတတ်တယ်။တစ်ခါတစ်လေလည်း ထောပါတ်ကိတ်တို့ စတော်ဘယ်ရီပိုင်တို့ဖုတ်လာတတ်တယ်။

အိမ်ရှင်မတို့လျှို့ဝှက်ချက်Where stories live. Discover now