အပိုင်း ၄ / အပိုင္း ၄

1.8K 304 60
                                    

Unicode
_________

ကျက်သရေ မဂ်လာရှိလှသော နံနက်ခင်းတွင် ဂျောင်ကုသည် ကြည်လင်သည့် နှလုံး၊ချိုပြုံးသော မျက်နှာဖြင့် ခပ်လှမ်းလှမ်းမှာ ဆောင့်ကြောင့် ထိုင်နေသည့် တစ်စုံ တစ်ယောက်ကို ကြည့်လိုက် ရယ်လိုက်လုပ်နေသည်။သူ့လက်ချက်ဖြင့် နှုတ်ခမ်းမွှေး ပြောင်တလင်း ခါသွားသော ဆော့ဂျင်သည် အိပ်ရာနိုးကတည်းက ဤပုံစံအတိုင်း ငြိမ်ပြီး ထိုင်နေသည်။

"ထိုင်နေတာ ကြာလှပြီ။ထမင်း မစားတော့ဘူးလား ကင်ဆော့ဂျင်"

အဘွားက ထမင်းစားပွဲကို အိမ်ရှေ့ထိ ယူလာရင်း ခပ်ဆတ်ဆတ်မေးသည်။နှုတ်ခမ်းမွှေးမရှိတော့သော်လည်း ချောမောခန့်ညားသော မျက်နှာက အနည်းငယ်မျှတောင် ပြောင်းလဲမသွားကြောင်း၊ရှေးကထက်ပင် အဆတစ်ရာ နုပျိုလာကြောင်း တရားချသော်လည်း မရ။မြေးဖြစ်သူသည် နှုတ်ခမ်းမွှေးကို အတော်စွဲလမ်းဟန်တူသည်။

"မစားဘူး"

ထို ထမင်းစားပွဲကို စိတ်အနာကြီးနာကာ မျက်နှာတစ်ဖက်သို့ လွှဲလိုက်သောအခါ ဆော့ဂျင်သည် မချိုမချဥ်အပြုံးတစ်ခုနှင့် တည့်တည့်တိုးသည်။ဂျွန်ဂျောင်ကုသည် ကြက်ကလေးများကို ခိုးချက်စားသည်သာ မဟုတ်။နှုတ်ခမ်းမွှေးကိုပင် အလွတ်မပေးသည့် ရှေ့သွားနှစ်ချောင်းခပ်ကြီးကြီးနှင့် မုဆိုးကြီးဖြစ်သည်။

"ဆော့ဂျင်ရယ် အဘွားအရင်ကတည်းက အမြဲပြောပါတယ်။အဲ့ဒီနှုတ်ခမ်းမွှေးတွေကို ရိတ်ပစ်ပါလို့။လူက အသက်ငယ်ငယ်လေးနဲ့ ဦးလေးကြီး ပုံစံဖြစ်နေတာ"

ထိုအခါ ဂျောင်ကုသည် အဆမတန်အားတက်သွားရကာ အဘွားစကားကို သံယောင်လိုက်ပြီး အပြစ်မရှိသည့် ကောင်လေး အဖြစ် သနားစရာ ဇာတ်ခင်းတော့သည်။

"အဲ့ဒါပြောတာပေါ့ ဘွားရဲ့။ကိုကို့ကို နုစေ ငယ်စေချင်လို့ ကျွန်တော်က စေတနာနဲ့ လုပ်လည်းပေးရသေးတယ်။နှုတ်ခမ်းမွှေးက အသစ်မပေါက်တော့မှာ ကျနေတာပဲ "

"ဘာ...မင်း ငါ့ကို ဘယ်လိုခေါ်..."

ဆော့ဂျင်သည် ကြားလိုက်ရသည့် အခေါ်အဝေါ်ကြောင့် သွေးတက်ချင်စိတ်ပင်ပေါက်သွားသည်။အဘွားကွယ်ရာမှာဆိုလျှင် ဒင်းက 'ခင်ဗျား'လို့ ခေါ်လိုက်၊ 'ကင်ဆော့ဂျင်'လို့ခေါ်လိုက်နှင့်။အခုလည်း အဘွားရှေ့မို့ တမင်သက်သက် ဟန်ဆောင်နေတာဖြစ်သည်။

မင်းသားလေးရဲ့ ဖူးစာရှင်  || JINKOOK ✓Where stories live. Discover now