Chapter 42

332 42 10
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 42

ကျွန်တော်ကကိုကို့ကိုဘယ်တော့မှလွှတ်ပေးမှာမဟုတ်တော့ဘူး

မည်းညိုသောတိမ်လွှာထုများမှခြွေချလိုက်သောမိုးရေစက်တို့သည် မိုးစက်အမှုန်အမွှားလေးများအဖြစ်ပြောင်းလဲပြီး အောက်မြေပြင်ဆီကိုအဆက်မပြတ်ကျဆင်းလာနေသည်။ မိုးရွာခြင်းနှင့် နေပူခြင်းတစ်လှည့်ဆီဖြစ်ပေါ်နေလေ့ရှိသော ဤဒေသသည် ယနေ့တော့ စိုစွတ်သောမိုးရေများဖြင့်သာ ပြည့်နှက်လျက်ရှိပြီး တိတ်ဆိတ်သောတိမ်ခြည်မှေးပျော်နတ် ကွန်းတစ်ခုလုံးကိုလည်း မိုးစက်များဖြင့်သာ လွှမ်းခြုံဖုံးအုပ်လို့ထားသည်။

ဝမ်ရှန်းသည်ကား လေးဖင့်သောခြေလှမ်းများဖြင့် နတ်ကွန်းရှိရာ တောင်ကုန်းငယ်ပေါ်ကိုဖြည်းညင်းစွာတက်လာသည်။
ခန္ဓာကိုယ်ထဲမှသွေးများကို ကိုးဆယ့်ကိုးရက်တာမျှဆက်သခဲ့ရခြင်းကြောင့် သူ၏ခန္ဓာကိုယ်သည် အနည်းငယ်ပိန်သွားခဲ့ပြီး လက်ဖဝါးများကတော့ ရစရာမရှိအောင်ကွဲရှရှာများဖြင့်သာပြည့်နေသည်။ သူ၏လက်များသည်ပေါက်ကွဲထားသောမီးတောင်တစ်ခု၏မြေဆီလွှာများအလား အက်ကွဲကာသွေးများတစိမ့်စိမ့်ယိုထွက်နေ၏။ ထိုဒဏ်ရာများကိုစီးနှောင်ထားသော ပိတ်ဖြူစသည်ပင်သွေးရောင်ပကတိဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ သွေးများပေကျံနေသည့်တိုင် ဝမ်ရှန်းသည် ရှောင်ရှင်းအတွက်ယူဆောင်လာသည့် လက်ထဲမှပစ္စည်းနှစ်ခုကိုတော့ သွေးတစ်စက်မှမပေရအောင် လက် မောင်းများကြားထဲ ဂရုတစိုက်ပွေ့ထားသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည့်ကား ချုပ်ကြိုးထံသွေးဆက်သရသည့် ရက်တစ်ရာမြောက်နေ့ပင်ဖြစ်လေသည်။ နောက်ဆုံးတော့ သူ၏ရှောင်ရှင်းသည် ချင်းမင်ဖန်တီးထားခဲ့သော ပုလဲပင့်ကူချုပ်ကြိုး၏နှိပ်စက်မှုဒဏ်မှလွတ်မြောက်တော့မည်ဖြစ်၏။

"ရှင်းအာ....... "

သူ၏ခေါ်သံကိုကြားတော့ ရှောင်ရှင်းက မျက်ဆံနက်ကလေးများကိုပင့်တင်၍ကြည့်လာသည်။ ရှောင်ရှင်း၏ မျက်နှာသည် မည်သည့်လှုပ်ရှားမှုကိုမှ မပြုနိုင်လောက်အောင် ငြိမ်သက်နေ၏။ ပိုက်ကွန်ထဲတွင်မိထားသည့် သားကောင်တစ်ကောင်လို ရက်ပေါင်းများစွာနေထိုင်ခဲ့ရခြင်းကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုဝေဒနာနှင့်ဒေါသမီးလျှံများသည် ရှောင်ရှင်း၏ရင်ထဲတွင် မုန်တိုင်းများလိုပေါက်ကွဲနေသည်။ လူက တုပ်တုပ်မျှမလှုပ်နိုင်သည့်တိုင် ကြီးစွာသောဒေါသကြောင့် မျက်စိရှေ့တွင်ရှိနေသော အရာခပ်သိမ်းကိုဖျက်ဆီးပစ်ချင်စိတ်များပေါက်နေသော်လည်း ဝမ်ရှန်းကိုမြင်လိုက်ရသောအခါ သူသည် ထိုဒေါသများကို ပြသခြင်းမပြုဘဲ ထိန်းသိမ်းထားမိပြန်၏။ ထိုအချိန်တွင်ဝမ်ရှန်းသည် လက်ထဲတွင်ပွေ့လာသည့် ပစ္စည်းနှစ်ခုကိုကျောက်သားကြမ်းပြင်ပေါ်အသာချလိုက်ပြီး ရှောင်ရှင်း၏အရှေ့တွင်လာထိုင်သည်။ ထို့နောက် သူ့လက်တွင်စီးထားသောသွေးစွန်းနေသည့် အဝတ်စများကိုဖြေချ၍ ရှောင်ရှင်း၏ခန္ဓာကိုယ်ပေါ်မှ ချုပ်ကြိုးပေါ်ကိုလက်ဖြင့် ပွတ်တိုက်၍နေ့စဥ်လုပ်နေကျအတိုင်းသွေးများဆက်သလိုက်ပြန်သည်။ ရက်တစ်ရာပြည့်ပြီဖြစ်၍ အချုပ်အနှောင်မှလွတ်မြောက်တော့မည်ဖြစ်သော်လည်း ရှောင်ရှင်းသည် မပျော်နိုင်ဘဲ မျက်မှောက်ကုတ်ထား၏။ ဝမ်ရှန်းက သူ့အတွက်လုပ်ပေးသည်ဖြစ်သော်လည်း ယခုကဲ့သို့ ဝမ်ရှန်း၏လက်မှသွေးများကိုရက်ပေါင်းများစွာမြင်နေရခြင်းသည် ရှောင်ရှင်းအတွက်တော့ ငရဲပြည်ကိုရောက်နေသည့်အလား ပူလောင်ကာ နေမထိထိုင်မသာရှိလှပေသည်။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now