'အတိတ်'

91 8 10
                                    

လည်ပြန်ငဲ့ကြည့်လိုက်တိုင်း သိမ်းဆည်းထားဖို့ထိုက်တန်တဲ့အခိုက်အတန့်ဆိုတာမီးမှုန်မီးပွှားတစ်ပွင့်လောက်တောင်မရှိခဲ့တဲ့ အတိတ်။

အပြုံးတုတစ်ခုဝတ်ဆင်ရင်း ပေါကြောင်ကြောင်ပြက်လုံးတွေနဲ့ ကိုယ့်ဘေးမှာရှိရှိသမျှလူတွေကိုမထွက်သွားဖို့ ခပ်ဆွေးဆွေးကြိုးတစ်ချောင်းနဲ့ဆွဲထားခဲ့ရတဲ့ အတိတ်။

မိုးအုံ့နေ့တဲ့နေလည်းရယ်၊ နေသာတဲ့နေ့လည်းရယ် ၊ မိုးပြိုတဲ့နေ့လည်းရယ် ။

ပျော်ပျော်၊မပျော်ပျော်ရယ်ပြနေဖို့က ငါ့ရဲ့ပုခုံးပေါ်ထမ်းပိုးထားရတဲ့ လွှတ်ချလို့မရမဲ့ တာဝန်ကြီးတစ်ခုလို။

ငါ့ရဲ့အမှောင်ခြမ်းကိုတစ်စွန်းတစ်စပြမိတာနဲ့ ကျောခိုင်းထွက်သွားကြမဲ့သူတွေချည်းမို့ အချစ်သိပ်ခံချင်တဲ့ငါဟာ ဟန်ဆောင်ခြင်းနွံမှာ မိန်းမောကာမွေ့လျော်ခဲ့လို့။

အဲ့လိုအေးစက်စက်နေ့တွေမှာ ငါအမှတ်တမဲ့ ရှာဖွေတွေ့ရှိမိခဲ့တဲ့ နွေးထွေးတဲ့နေခြည်တစ်ပေါက်လေး။

ပျော်ယောင်ဆောင်ပြီး ပျော်စရာဆိုတာ မျဥ်းတောင်မပါတဲ့ဗလာစာရွက်တစ်ရွက်လိုနတ္ထိဖြစ်နေတဲ့နေ့တွေမှာ သူဆိုတဲ့နေရောင်ခြည်ငွေ့ငွေ့လေးကိုဖြန့်ခြုံရင်း ကိုယ့်စိတ်ကလေးကနွေးခဲ့ရပါတယ်။

ဘယ်သူ့ပုခုံးစွန်းမှ ခဏတစ်ဖြုတ်ငှားချေးခိုမှီလိုမရခဲ့တဲ့ငါဟာ မင်းရဲ့ပုံရိပ်ယောင်ကလေးကိုမြင်ယောင်ရင်း ညညဆိုတိုင်တည်လို့ ရင်ထဲလုံးထွေးနေတဲ့အခက်အခဲတွေကိုဖွင့်အန်ရှင်းလင်းပြီး တားမြစ်ထားတဲ့မျက်ရည်တွေကိုသွန်ထုတ်ခွင့်ရခဲ့တယ်။

မင်းအပြုံးနုနုလေးကိုနှလုံးသားထဲထွေးရင်း ကိုယ်မှေးစက်တဲ့ညတိုင်းမှာ ခါးသက်သက်အိပ်ဆေးဆိုတာကိုယ့်ကမ္ဘာမှာနေရာယူခွင့်မရှိတဲ့အရာ။

မင်းနာမည်လေးနဲ့အစချီထားတဲ့ ကောင်းကောင်းဆိုးဆိုး အကြောင်းအရာတိုင်းဟာ ကိုယ့်အတွက်ကျစ်ကျစ်တောက်ပူပြင်းနေတဲ့သဲကန္တာရမှာ ရှာဖွေတွေ့ရှိတဲ့အိုအေစစ်ကလေးလို လက်မလွှတ်တမ်းကွန်းခိုထားချင်စရာ။

ပူလောင်ရတဲ့နေ့ရက်ဆိုးတွေမှာ မင်းမသိအောင်မင်းကိုမှီခိုပြီး စိတ်ကလေးငြိမ်းချမ်းခွင့်ရခဲ့တဲ့အတွက် 'ကျေးဇူးတင်ပါတယ်'တစ်ဦးတည်းသောလူသားလေး။

နေ့မြင်ညပျောက်နဲ့ဘဝကြီးမှာကူးခတ်နေရတာမို့ ဘယ်သူမှား၊ဘယ်သူမှန်လည်းမသိချင်တော့သလို အဖြေလည်းမထုတ်ချင်တော့တာမို့ ဖြစ်သမျှအကြောင်းအကုန်ဟာ မကောင်းတဲ့ငါ့အမှားတွေပဲထားလိုက်ပါ။

မင်းကြောင့်ပျော်ခဲ့ရတဲ့အတိတ်ကအကြောင်းအရာတွေကိုတော့သိမ်းထားပြီး မင်းကြောင့်ငိုခဲ့ရတဲ့နေ့ရက်တွေကိုတော့ငါစွန့်ပစ်ပါရစေ။

ဒီအတိုင်းမင်းနာမည်လေးကြားယောင်တာနဲ့
ကောင်းတာတွေနဲ့ပဲမှတ်ဉာဏ်ထဲမှာပြည့်စေချင်တဲ့အတ္တကလေးက...ငါ့နှလုံးအိမ်ထဲမှာမသိမသာလေးရှင်သန်နေတာမို့။

𝚂𝚎𝚙 27,2021

Cheap FeelingsWhere stories live. Discover now