Part 7

3.5K 425 6
                                    

Unicode

ကုန်းကမူများ၊တောင်ပူစာများကို နေရာမလပ်တွေ့ရပြီး တောတောင်မြေပြင်သည် မညီညာ။ အရှိန်ပြင်းပြင်းမွန်းတည့်နေပင် တိုးမပေါက်နိုင်အောင် သစ်ရွက်သစ်ခက်များ ထိစပ်ယှက်သွယ်နေပြီး ‌တောနက်လေလေစိမ်းညှို့လေဖြစ်သည် ။ နေ့အချိန်ဖြစ်သော်လည်း တောတွင်းလေက အ၀တ်အစားတို့ကိုထိုးဖောက်၍ အသားထဲစိမ့်အောင်အေး၏ ။ သားရိုင်းတိရစ္ဆာန် ကျေးငှက်သာရကာတို့၏ မြည်တွန်ဟိန်းဟောက်သံကို တစ်ချက်တစ်ချက်ကြားရတတ်သည် ။ အန္တရာယ်ရှိသော တောလမ်းမို့ အစစအရာရာသတိကြီးစွာထားနေရသည် ။ အတန်ကြာသော် ခပ်လှမ်းလှမ်းမှ ရေစီးသံသဲ့သဲ့ကိုကြားလိုက်ရသည် ။ အိမ်ရှေ့စံက စကားတစ်ခွန်းမျှမဆိုဘဲ အသံကြားရာဘက်ကို နားစွင့်ကာ ထိုအရပ်သို့ဦးတည်သွား၏ ။ ၀မ်ရိပေါ်လည်း အိမ်ရှေ့စံနောက်မှ အသာလိုက်ခဲ့သည် ။

တောင်စောင်းငယ်တစ်ခုမှ အရှိန်အဟုန်ဖြင့် သွယ်ဆင်းလာသော ရေတံခွန်ငယ်ကိုတွေ့လိုက်ရသည် ။ ရေတံခွန်သည် အောက်ဘက်ရှိ စမ်းချောင်းငယ်တစ်ခုတွင် အဆုံးသတ်‌သည် ။ ရေပြင်ကား ကြည်စိမ်းနေကာ ကျောက်စရစ်ခဲဖြူဖြူကြားတွင် ကူးခတ်နေသော ရွှေရောင်ငါးငယ်များကိုပင် မြင်ရသည်။

‌စမ်းချောင်းငယ်သည် အချက်ချာကျသော တောတွင်းနေရာမှာရှိတာမို့ တောရိုင်းကောင်များရေသောက်ဆင်းမည်မှာ အသေချာပင် ။ ကံကောင်းလျှင် သားရဲကောင်ကြီးများပင် ရလောက်သည် ။ ထို့ကြောင့် အိမ်ရှေ့စံနှင်၀မ်ရိပေါ်က အနီးအနားရှိ သစ်ပင်ရိပ်ကို အကာကွယ်ယူကာ ‌သားကောင်များကို စောင့်ဖမ်းကြမည်ဖြစ်သည်။

သစ်ပင်အကွယ်တွင်မို့ သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်လွန်းသည်။ ဘေးတိုက်အနေအထားမို့ အိမ်ရှေ့စံ၏ နားရွက်‌ပေါ်တွင် မှဲ့သေးသေးလေးတွေရှိသည်ကို ရှင်းလင်းစွာမြင်ရ၏။  ပုလဲဖြူဖြူပေါ် မဟူ‌ရာကျောက်ငယ်လေးတွေ ပြန့်ကျဲနေသည့်နှယ် ။‌‌ အိမ်ရှေ့စံ၏ရာဇဣ‌‌န္ဒြေကြီးပုံနှင့် ကွဲလွဲစွာ ချစ်စဖွယ်ကောင်းသည်မို့ ၀မ်ရိပေါ်ပြုံးမိလေ၏ ။

ခဏကြာသော် တော၀က်တစ်ကောင် အရှိန်အဟုန်ဖြင့် စမ်းချောင်းရှိရာသို့ပြေးဆင်းလာသည် ။ သူသောက်သုံးရာ ကန်ရေ၀န်းကျင်သည် ဖုန်ထညစ်ညမ်းသွား၏ ။ သို့သော် ထိုတောကောင်ကိုအိမ်ရှေ့စံက စိတ်မ၀င်စားဟန်ဖြင့် လွှတ်ပေးလိုက်သည် ။ ထို့နောက် သမင်၊ ဒရယ်နှင့် ဆတ်အပါအ၀င် ရေသောက်ဆင်းလာသော သားကောင်တို့ကိုလည်း အလွတ်ပေးလိုက်ပြန်သည်။ထို့ကြောင့် နားမလည်နိုင်သူ ၀မ်ရိပေါ်က အိမ်ရှေ့စံကို ထုတ်မေးရသည်။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now