Part 40

3.6K 364 8
                                    

Unicode

" ဘယ်လိုဆက်လုပ်ကြမလဲ မီလင်း "

စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်ပြီး ဖခင်ဖြစ်သူသည် သက်ပြင်းရှည်ကြီးကိုချသည် ။ မီလင်းကိုယ်တိုင်လည်း စားပွဲကို လက်သည်းရှည်တွေနဲ့ တတောက်တောက်ခေါက်လျက် အကြပ်ရိုက်နေဟန် အလိုမကျမှုတွေအထင်သား ။ မျက်နှာချင်းဆိုင်ရှိ သူမအဖေကတော့ သူ့ရဲ့မုတ်ဆိတ်ရှည်ကိုသာ ပွတ်သပ်နေတော့သည် ။ ပင်ပန်းနေပြီဆိုတဲ့ သဘောမျိုးမှာ ။

လော့မီလင်းလည်း အစွမ်းကုန်ကြိုးစားခဲ့တာပါပဲ ။ ရှောင်းကျင်ကို ‌သူမဘက်ပါလာအောင် ၊ သူ့အစ်ကိုနဲ့ သွေးကွဲအောင် သွေးထိုးလှုံဆော်ခဲ့ပေမယ့် ထင်ထားသလိုဖြစ်မလာ ။ မိုက်လုံးကြီးတဲ့ရှောင်းကျင်က သူမနဲ့ပူးပေါင်းမလာပဲ တစ်ကိုယ်တည်းစွန့်စားပြီး ဘုရင့်ခန်းဆောင်ထဲထိ ၀င်လုပ်ကြံသတဲ့ ။ ဉာဏ်မရှိလိုက်ပုံများ ...။

ကြံစည်ထားသည်က ရှောင်းကျင်ကို မီလင်းကစည်းရုံးပြီး သူ့အစ်ကိုကို ‌ဖိအားပေးခိုင်းရမည် ။ ရှောင်းကျင်က သူမတိုက်ပွဲအတွက် အခရာပဲ ။ ရှောင်းကျင်ရဲ့ ရန်ငြှိုးတွေကို မီလင်းကနည်းနည်းဆွပေးလိုက်ရုံနဲ့ ဧကရာဇ်နဲ့ရှောင်းကျန့်ကြား အဖုအထစ်တွေရှိလာမှာဖြစ်သည် ။ ဘာလို့ဆို ရှောင်းကျန့်က သူ့ညီမကို သိပ်ချစ်တာ ‌သူမကောင်းကောင်းကြီး သိထားလို့ပဲ ။ မီလင်းလိုချင်တာလည်း ထိုအချက်ကိုပင် ။ သို့သော် ကြံစည်ထားသမျှနှင့် ယခုတော့တလွဲစီ ။

ရှောင်းကျင်ကိုလည်း အပြစ်ဒဏ်လျှော့ပေါ့ပေးပြီး ယခုကိစ္စကြောင့် ဧကရာဇ်တို့နှစ်ယောက်ဟာ အရင်ကထက် ပိုအဆင်ပြေလာသေးသည် ။ လော့မီလင်း အလိုရှိသည်နှင့် ဆန့်ကျင်သည့်ရလဒ်များသာ ။

" စစ်သေနာပတိနဲ့ သူတို့ပူးပေါင်းနေတယ်ဆိုတဲ့အချက်ကို အဖေရအောင်သက်သေရှာရမယ် ၊ ရှောင်းကျန့်ရဲ့မျက်နှာဖုံးသာ ကွာကျသွားရင် မင်းကြီးရဲ့မြတ်နိုးမှုကို သူအလိုလိုဆုံးရှုံးသွားမှာပဲ "

မီလင်းရဲ့ အကြံပေးစကားကို လော့ကျားကလက်မခံပဲ ခေါင်းခါလျက်

" မထင်လေနဲ့ မီလင်း ၊ အဖေကြိုးစားပြီးပြီ၊ မင်းကြီးက သူ့ကိုတော်တော်ယုံကြည်နေတယ် ၊ ဒီတော့ သက်သေခိုင်ခိုင်လုံလုံမပြနိုင်ရင် အဖေရာထူးပြုတ်နေပါ့မယ် ၊ မဖြစ်ပါဘူး "

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Where stories live. Discover now