အပိုင်း (၁)

11.3K 1.1K 158
                                    

((Zawgyi))

အပိုင်း (၁)
"မင်းဖောက်ပြန်ရင် ငါတို့ကွာရှင်းကြမယ်"

💍💍💍
ညနေခင်းမှောင်စပျိုးချိန်တွင်ဖြစ်သည်။ မှိန်ပျပျအိပ်ဆောင်မီးလေးသာ ထွန်းထားသော အခန်းလွတ်ကြီးတစ်ခုဝယ် အလွန် မှောင်မိုက်ကာ အေးစက်လို့​နေသည်။ မှန်ပြတင်း၏ အခြားတစ်ဖက်ဆီမှ မိုးများ သည်းထန်စွာရွာသွန်းလျက်ရှိသည်။ ဤနေရာသည် ၂၈ထပ် အလွှာဖြစ်ပြီး လူတစ်ယောက်က မျက်နှာကြတ်ဆီမှ ကြမ်းပြင်အထိအောင် ထွင်းဖောက်မြင်နိုင်သော ပြင်သစ်မှန်ပြတင်းတံခါးမှတဆင့် အပြင်ဘက်၌ ထိန်ထိန်ညီးနေသော နီယွန်မီးအလှများကို ငေးမောကြည့်လျက်ရှိသည်။

အပြင်ဘက်ကမ္ဘာကြီး၏ နေမင်းကြီးအောက်မှ အသွေးအရောင် စုံညီလှပသည့်အရာများ၊ တလျှပ်လျှပ်တောက်ပနေသော စည်းစိမ်ချမ်းသာကြွယ်ဝမှုများသည် လူသားတို့အား ယစ်မူး​တွယ်တာစေကာ ငြို့ယူဖမ်းစားခံကြရသည့် အကြောင်းတရားများပင်ဖြစ်သည်။

ထိုနေရာသည်ကား များပြားလှသော စိတ်လှုပ်ရှားစရာများ၊ ငွေကြေးချမ်းသာမှုများ၊ ညှို့ငင်ဆွဲ​ဆောင်မှုများနှင့် ထင်ပေါ်ကျော်ကြားမှုများစသော အမျိုးစုံစွဲမက်ဖွယ်ရာတို့ တည်ရှိရာနေရာဖြစ်သည်။ အကျိုးဆက်ကတော့ လူသားများသည် မိမိတို့သစ္စာပြုကျိန်ဆိုထားသည့် ထာဝရခိုင်မြဲတည်တံ့နေ​မည့်အချစ်နှင့် ကတိသစ္စာများကို မေ့လျော့သွားကြခြင်းပင်။

ယောကျာ်း​တွေလား? ဟွန့်!

လိင်ကွဲချစ်သူတွေတောင် ကာမပိုင်ရှိလျက်နဲ့ ဖောက်ပြန်နေကြတာ။ လောကကြီးရဲ့ အသိအမှတ်အပြုမခံရတဲ့ လိင်တူချစ်သူတွေ ဆိုရင်တော့လား?

လုရန် သည် ခေါင်းငိုက်စိုက်ချလိုက်သည့်အခါ ခနဲ့တဲ့တဲ့ လှောင်ပြုံးလေးတစ်ခုက သူ့မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ သူ့နဖူးထက်မှ ဝဲကျနေသော ဆံစလေးများသည် သူ့မျက်နှာပေါ်ကို အရိပ်ကျနေကာ သူ့ပုံစံမှာ အလွန်သနားစရာကောင်းပြီး ဝမ်းနည်းပူဆွေးနေပုံပေါ်သည်။

သူ့၏ခြေဖဝါးအောက်တွင် မျက်စိကျိန်းလောက်စရာ အမိုက်စားဓာတ်ပုံများအပြည့်ပါရှိသည့် အတင်းအဖျင်းမဂ္ဂဇင်းတစ်ခု ရှိနေသည်။ ထိုအထဲတွင် ရုပ်ဖျက်ဝတ်စားထားသည့် ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်နှင့်အတူ ဟိုတယ်တစ်ခုတွင် အခန်းငှားနေသည်ကို ခိုးရိုက်ထားသော ဓာတ်ပုံတစ်ပုံလည်းပါရှိသည်။

ငါ့ယောကျာ်းကို ကွာရှင်းချင်တယ် (Completed)Место, где живут истории. Откройте их для себя