ONE - 7

986 207 153
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄;

" နေမကောင်းလို့လား "

လအတော်ကြာမှ သူ့ဆီရောက်လာသည့်သူအား ဆော့ဂျင်ဘက်က စကားပြောဆိုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်မည်ဟု ဆိုနိုင်သည်။ လွန်ခဲ့သော တွေ့ဆုံမှုတွေတုန်းက နမ်ဂျွန်းဘက်ကပဲ စကားစတင်ပြောဆိုခဲ့ခြင်း မဟုတ်လား။ ဆော့ဂျင်က သူ့အား အမြင်မကြည်ဖြစ်နေခဲ့တာကြောင့်လည်း ဖြစ်မည်ထင်၏။ တစ်ဖက်လူ၏မေးခွန်းက သာမန်ရိုးကျပေမဟ့် နမ်ဂျွန်း၏စိတ်ထဲ ပျော်ရွှင်မှုကြောင့် စိတ်အနည်းငယ် ကြည်လင်လာမိသည်။ ထိုမျှလောက်ထိကို ဆော့ဂျင်က သူ့အား စိုးမိုးထားသလားမပြောတတ်ပါ။

" ဟုတ်ပါရဲ့၊ နေလို့သိပ်မကောင်းပေဘူးထင်တယ်။ "

" ကိုယ့်ကိုယ်ကို ဂရုစိုက်ပါဦး။ နေမကောင်းဖြစ်နေလား မေးတာတောင် မသေချာမရေရာနဲ့။ "

အလိုမကျမှုကြောင့် အပြစ်တင်လိုက်ရင်း မသိမသာ စူထွက်လာသည့် နှုတ်ခမ်းလေးကိုကြည့်ကာ နမ်ဂျွန်းသည် ခပ်ယဲ့ယဲ့ပြုံးမိသည်။ တကယ်ကိုပဲ သူ့ကို ပြုံးအောင်လုပ်နိုင်တာ ဆော့ဂျင်တစ်ယောက်ပဲရှိတာ။ အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းကလို့ပြောရမလား။

" ဆေးမြစ်အတွက်ဆို စိတ်မပူပါနဲ့။ ကျွန်ုပ်မရှိလည်း ဆေးမြစ်တွေက သင်တို့သားအမိဆီရောက်လာမှာပါ။ "

နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည့် အလိုမကျမှု။ ဆော့ဂျင် အောက်နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည်။ ပြောင်းလဲသွားသည့် မျက်နှာအမူအရာ တစ်ခုချင်းစီကို နမ်ဂျွန်း မြင်တာပေါ့။ ဘာဖြစ်နေသလဲဆိုတာကိုလည်း သူသိပါသည်။

" နောက် ကျွန်ုပ်ကို မတွေ့ရင် စိတ်မကောင်းဖြစ်မနေနဲ့ဦး။ ကျွန်ုပ်တို့ တွေ့ဆုံကြတဲ့အချိန်က အရမ်းအများကြီး မဟုတ်ပေမဲ့ ပျော်ရွှင်စရာတော့ကောင်းခဲ့တယ်မလား။ ရန်သတ်နေရတာနဲ့လေ ဟားဟား ! "

ရယ်စရာပြက်လုံး တစ်လုံးတလေတောင် မပါသော်လည်း သူကတော့ ရယ်ရယ်မောမောဖြင့်။ ဆော့ဂျင်စိတ်ထဲ အကြောင်းမဲ့ နာကျင်လာရသည်။ ဘာကြောင့်မှန်းမသိ သူတို့နှစ်ယောက် ထပ်မတွေ့ရတော့ဘူးလို့ ခံစားနေရတာပါလိမ့်။

One Summer's Poem Where stories live. Discover now