"ဟော်လိုးဝင်းဖူးစာ"

4.9K 637 32
                                    

ဆောင်းရာသီသို့ ချင်းနင်းဝင်စ ချမ်းစီးစီး မနက်ခင်းတွင် ဂျပ်ဆင်ကောလိပ်ကြီး၏ ယောကျ်ားလေးဆောင်သည် မြေကွက်လပ်၌ ဆန့်လျားလျားလဲလျောင်းနေသည့် မြည်းတစ်ကောင်နှင့် အလားသဏ္ဍာန်တူစွာ တည်ရှိလျက် တစ်ဆောင်လုံးသည်လည်း အပ်ကျသံပင်ကြားရအောင် ဆိတ်ငြိမ်လို့နေသည်။

"နောင်. . .နောင်''

ထိုသို့သော ဆိတ်ငြိမ်ခြင်းကို ဖြိုခွဲလိုက်သည်ကား ခပ်အုပ်အုပ် ကြေးစည်ထုသံပင်။

ကြေးစည်သံ ထွက်ပေါ်လာချိန်မှာတော့ ဘသွင်တစ်ယောက် မျက်လုံးအစုံ ပွင့်လာသည်။

အသံသည် ဘသွင်၏ အခန်းကပ်ရပ် အဆောင်မှူး ဆရာချစ်ဆီမှ ဖြစ်မည်။ ၎င်းကား ဘာသာတရားကိုင်းရှိုင်းသူပီပီ မနက်အစောထ၊ ဘုရားဝတ်တက်၊ ပရိတ်ရွတ်၊ အမျှဝေခြင်းအမှုတို့ကို နေ့စဥ်မပြတ်ပင် လုပ်လေ့ရှိသည်။

ထိုအဆောင်မှူးတစ်ဖြစ်လဲ ငါးဆယ်စွန်းစွန်း လူပျိုသိုးကြီး၏ ဇီဇာကြောင်စွာ ချမှတ်ထားသော ရူးနှမ်းနှမ်း စည်းမျဥ်းတို့ကို ဘသွင်တို့ အဆောင်သားများ မတိမ်းမစောင်း နာခံရလေသည်။ ၎င်းသည် အမျှဝေပြီးလျှင် အဆောင်တစ်ပတ် ပတ်ထရောင်းလှည့်မည် ဖြစ်သည်။ အိပ်ပျော်နေသော ငနဲသားတစ်ကောင်တစ်လေတွေ့ပါက အသင့်ကိုင်လာသည့် ဆေးတံနှင့် နဖူး၌ဘုထအောင် ခေါက်တော့မည်ဖြစ်သည်။ အခေါက်မခံလိုလျှင် စောစောထဖို့ရာပဲရှိသည်။

"ဟေ့ရောင် ထထ. . .မင်းဖားသားကြီး ကြေးစည်ထုနေပြီ''

ဘသွင်သည် သူ၏ဘေးက ကာလနဂါးလို စည်းစိမ်ယူနေသော အခန်းဖော် ဇော်မင်း ကို ညင်ညင်သာသာ အိပ်ရာပေါ်တက်၊ ခြေထောက်ဖြင့် ကန်ကျောက်၍ နှိုးလိုက်သည်။

"ဟာ. . .ဘာလဲကွာ၊ အရေးကောင်းရင်ဒိန်းဒေါင်ဖျက်၊ ငါမြာချောချောလေးနဲ့တွေ့နေတာကွ''

အိပ်ချင်မူးတူးဖြင့် ဇော်မင်းက နီညိုရောင်စောင်ကြီးကို ဆွဲကာတစ်ဖက်လှည့်သွားသည်။

"ဒီ. . .''

ဘသွင် မနေနိုင်တော့။ ဖရုသဝါစာရေရွတ်၍ ခွေးသားကို အိပ်ရာပေါ်မှဆွဲချရသည်။

One Shots by Heather (Myanmar Colonial Era)Where stories live. Discover now