' ဟဲ့...အပြင်မှာ လူတစ်ယောက်ကနင်နဲ့တွေ့ချင်လို့တဲ့ '
' ဟင် ဘယ်သူလဲနဒီ '
' ငါလဲမသိဘူး နင့်ကိုတော့ အဆိုးလေးလို့ခေါ်တာပဲ ဆံပင်အနီရောင်လဲဆိုးထားတယ် အဆင်လေးသိလား ဟီးဟီး '
ထုံးစံအတိုင်း ခပ်နောက်နောက်ပြောကာ ပုံဖော်ပြနေသည့် သူငယ်ချင်းဖြစ်သူကြောင့် လွန်းက ခေါင်းကိုအသာရမ်းရင်း ပြုံးရယ်လိုက်၏။
' အဲ့တာကိုကိုလေ နဒီရဲ့ "
' နင်အမြဲပြောနေတဲ့ဂေဟာက ကိုကိုဆိုတဲ့တစ်ယောက်လား '
' အင်း '
' အမလေး အကိုကြီးက တကယ်ချောလိုက်တာဟယ် နင်ကလေ အမြဲလူချောတွေနဲ့ချည်းပဲ တွေ့နေတာပဲ ဟိုတခါကျောင်းကိုလာကြိုတဲ့ ကိုကြီးကလဲ ကြောက်စရာကောင်းပေမဲ့ တကယ်ခန့်ချောကြီး ငါ့ကို သူတို့နှယောက်ထဲက တယောက်နဲ့ချိတ်ပေးစမ်းပါ လွန်းရယ်'
' စိတ်ထိန်းပါအစ်မရယ် လောလောဆယ် ကျွန်တော် ကိုကိုနဲ့သွားတွေ့လို့ ရပြီလားခင်ဗျ '
' အမလေး ကြွကြွ...နင်ပြန်လာရင် ငါ့ကို အဲ့ကိုကြီးနှယောက်ဖုန်းနံပါတ်ပေးအုံးနော် '
' အေးပါ '
အမှတ်တမဲ့ဖြင့် ခေါင်းညိတ်ကာလက်ခံလိုက်ပြီးမှ အတွေးစတစ်ချို့က လွန်းရဲ့ခေါင်းထဲ ရုတ်တရက်၀င်ရောက်လာ၏။မာန်ဟိန်းကိုကို၏ဖုန်းနံပါတ်ကို အချိန်မရွေးအလွတ်ပြောနိုင်သော်လည်း ဟန်နရီ၏ဖုန်းနံပါတ်အား ယခုတိုင်သေချာစွာ မှတ်ယူနိုင်ခြင်းမရှိပေ။လွန်းသတိထားမိသလောက် ထိုအမျိုးသားက မရေတွက်နိုင်သော ဖုန်းနံပါတ်တွေဖြင့်သာ သူ့ဖုန်းအားခေါ်လေ့ရှိတာဖြစ်သည်။မည်သည့်နံပါတ်က အမှန်ဖြစ်ကြောင်း လွန်းကိုယ်တိုင်မသိတာမို့ ထိုအမျိုးသားရဲ့စိတ်အား နားမလည်တော့ပေ။
>>>>>>
ကျောင်းတွင်းမှ ထိုင်နေကျစားသောက်ဆိုင်သို့ ခြေလှမ်းလာချိန်၌ အ၀ေးမှလက်ပြနှုတ်ဆက်လာသူကြောင့် လွန်းဘက်ကလည်း လက်ပြန်ရမ်းကာပြုံးရယ်လိုက်၏။ဟန်ဆောင်ခြင်းမရှိစွာဖြင့် ပြန်လည်ပြုံးပြကာ ကြိုဆိုလာသည့် မာန်ဟိန်းကိုကိုက လွန်းအတွက်တော့ စိတ်လုံခြုံမှုပေးကာနွေးထွေးမှုပေးနိုင်သော ရပ်၀န်းငယ်တစ်ခုဖြစ်သည်။ဟန်နရီနှင့်တွေ့လိုက်တိုင်း တွေ၀ေခဲ့ဖူးသောစိတ်တို့က မာန်ဟိန်းကိုကိုရှေ့ရောက်တိုင်း ပြန်လည်ပြိုလဲသွားသည်မှာ အကြောင်းပြချက်မရှိ။ငယ်စဥ်တည်းက အမြဲကာကွယ်ပေးကာ နှစ်သိမ့်ပေးတတ်သည့် ကိုကိုက လွန်းအတွက်တော့ အားကိုးရာတစ်ခုပင်။
