မနက်အစောတည်းက အိမ်သို့ရောက်ရှိနေသောဟန်နီကြောင့်
ဟန်နရီကအ၀တ်အစားအမြန်လဲကာ အောက်ထပ်သို့ဆင်းလာခဲ့၏။ထမင်းစားခန်းရောက်သည်နှင့် ပတ်၀န်းကျင်ကိုစူးစိုက်ကြည့်လိုက်တော့ လွန်းကမီးဖိုချောင်ထဲတွင် အလုပ်ကူလုပ်ပေးနေတာဖြစ်သည်။'မောင်...နိုးပြီလား ဒီမှာလာထိုင် ဟန်နီမောင့်အတွက် မနက်စာပြင်ပေးနေတာ'
'မာမီကော'
'အန်တီကစားသောက်ပြီးလို့ အခန်းထဲပြန်နားနေတယ်မောင်ရဲ့ မောင်ပဲကျန်တော့တာ'
" အင်း "
ဟန်နရီက စိတ်တက်ကြွခြင်းမရှိပါပဲထိုစားပွဲ၀ိုင်းသို့ ၀င်ထိုင်ကာ လွန်းအားနောက်တစ်ဖန်လှမ်းအကဲခတ်လိုက်၏။ဒေါ်ထားရဲ့နောက်တွင် ကလေးတစ်ယောက်လိုလျှောက်ကပ်တွယ်နေသည့်လွန်းကြောင့် ဟန်နရီကမသိမသာဖြင့်ခေါင်းငုံ့ပြုံးလိုက်တော့သည်။
'မောင်....အုန်းနို့ခေါက်ဆွဲကြိုက်တယ်မှတ်လားဟင် ဟန်နီကိုယ်တိုင်ချက်လာပေးတာလေးထည့်ပေးမယ်နော်'
" အများကြီးမထည့်နဲ့ ကိုယ်အများကြီးမစားနိုင်လို့ "
" ဟုတ်ပြီမောင် "
ဟန်နရီက အုန်းနို့ခေါက်ဆွဲပန်းကန်ကိုလှမ်းယူရင်း သူ့လက်ကောက်၀တ်မှနာရီကို ငုံ့ကြည့်လိုက်၏။လွန်းရဲ့ကျောင်းချိန်ပင် နီးနေပြီဖြစ်သော်လည်း ထိုကောင်လေးက ဒေါ်ထားရဲ့နားတွင်သာ ကပ်တွယ်နေတာကြောင့် သူစိတ်မရှည်တော့ပေ။
'အဲ့မှာဘာလုပ်နေတာလဲ ဒီမှာလာထိုင်ပြီး မနက်စာလာစားလေ ဒေါ်ထားရဲ့အနားမှာပဲကပ်နေရအောင် မင်းက,ကလေးလား '
အသံမာမာနှင့်ပြောလိုက်သည့်ဟန်နရီကြောင့် အားလုံးရဲ့အကြည့်တွေက လွန်းထံဦးတည်သွား၏။
'ရတယ် ကျွန်တော်နောက်မှပဲစားမှာ'
'မောင်ရယ် အိမ်ကအလုပ်သမားတွေကနောက်တော့စားမှာပေါ့ မောင်သာ အရင်စားပါ '
' လွန်းလွန်းက အိမ်ကအလုပ်သမားမဟုတ်ဘူးဟန်နီ စကားပြောတာဆင်ခြင်ပါ'
လွန်းနဲ့ပတ်သတ်လျှင် စကားအမှားမခံသည့်ဟန်နရီကြောင့် ဟန်နီကအောက်နှုတ်ခမ်းကို ကိုက်ကာအံကြိတ်လိုက်၏။ဒေါ်ထားရဲ့တူဆိုမှတော့ ထိုကောင်လေးကလည်း အလုပ်သမားပဲမဟုတ်ဘူးလား။ဒါကို မောင်က ထိုကောင်လေးအပေါ်ဘာကြောင့်များ မျက်နှာလိုက်နေသလဲဆိုတာ နားမလည်နိုင်တော့ပေ။