Extra-6

27K 1.1K 747
                                    

" လူတစ်ယောက်လိုက်နှောင့်ယှက်နေပါတယ် ကယ်ကြပါ "

ကားအရှေ့ပိတ်ရပ်ကာ ရမ်းကားလာတဲ့လူကြောင့် ထွက်ပြေးခဲ့ရတာလမ်းအတော်ပေါက်နေပြီဖြစ်သည်။ ထိုလူကတော့ သူ့အနောက်မှကားကိုအရှိန်တင်ကာမောင်းရင်း အမှီလိုက်လာ၏။

၀ူး!!

ရုတ်တရက်ဆိုသလိုအရှေ့မှကားပိတ်ရပ်လိုက်တာမို့ ထိုလူရဲ့ခြေလှမ်းတွေကချက်ချင်းဆိုသလိုရပ်တန့်သွား၏။ လက်ထဲမှ အနက်ရောင်သေနတ်ဘူးကိုလည်း မထိခိုက်အောင်ကာကွယ်နေရတာမို့ စိတ်ထင်တိုင်းပြေးလို့လည်းမရပေ။

" မင်းကဘယ်ကကောင်လဲ "

ကြောက်လန့်နေသည့်လူက အသံကိုတင်းကာမေးလိုက်တော့ တစ်ဖက်လူက လက်ထဲမှဆေးလိပ်အားခြေထောက်ဖြင့်နင်းခြေကာ ခပ်ရွဲ့ရွဲ့ပြုံးပြ၏။ ထိုလူ၏ဘယ်ဘက်လက်၌ ထင်ပေါ်စွာ၀တ်ထားသည့်နာရီက အမှတ်အသားတစ်ခုပုံစံမျိုးဖြစ်သည်။ နာရီဒိုင်ခွက်၌ရွှေရောင်နဂါးပုံစံထိုးသွင်းထားပြီး လက်ပတ်ကြိုးကိုနက်မှောင်နေသည့်အနက်ရောင်သားရေကြိုးဖြင့် ပစ္စည်း၏အရှိန်အ၀ါကိုထိန်းသိမ်းထား၏။ ကားမီးရောင်၏အရောင်ပြန်မှုကြောင့် ထိုလူ၏မျက်နှာကိုလည်း ရှင်းလင်းစွာမြင်လိုက်ရတာဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် နှစ်ဆယ့်သုံးနှစ်လောက်သာရှိအုံးမည်ဖြစ်ပြီး ရှေ့ဆံပင်တွေက လေတိုက်ပြီးကပိုကရိုကျနေတာမို့ ဂျစ်ကန်ကန်မျက်နှာကအထင်းသားပင်။

" နာမည်ကတစ်လုံးပဲရှိတယ် အရှေ့ကဖတ်ရင်Sam အနောက်ကဖတ်ရင် Mas "

" မင်းဘာလိုချင်လို့လဲ "

" ခင်ဗျားလက်ထဲကပစ္စည်း "

Samကထိုလူ့လက်ထဲမှ သေနတ်ဘူးအားမျက်စပစ်ပြလိုက်တာမို့ ထိုလူကရင်ဘတ်ထဲကျစ်နေအောင်ပိုက်ကာ အနောက်သို့လှည့်ပြေးသည်။ ကြောက်ကြောက်လန့်လန့်ဖြင့်ပြေးသွားသည့်ပုံစံကြောင့် Samကခါးတစ်ဖက်ထောက်ကာ ကြိတ်ရယ်လိုက်၏။ ထိုလူ့နောက်သို့အပင်ပန်းခံပြီး ထပ်လိုက်မနေတော့ပေ။ သူ့ကားထဲသို့သာပြန်၀င်ရင်း ဗဟိုပြုထားသည့်ဆုံရပ်ကိုသာမောင်းထွက်ခဲ့သည်။

" ဆယ်မိနစ်အတွင်းဆိုရမယ်ထင်တယ် "

Samကတစ်ဖက်ကိုဖုန်းဆက်ကာ ယုံကြည်မှုရှိနေသည့်ပုံစံဖြင့်ပြော၏။ ဖုန်းထဲမှလူကလည်း Samကိုသြရှရှအသံဖြင့်ပြန်တုံ့ပြန်လာသည်။ ငါးမိနစ်အတွင်းရအောင်ယူပြမည်ဟူ၍။

HANARY(S1+S2) Where stories live. Discover now