part-4 (Uni)

10.5K 228 32
                                    

Written by diana_mellet58

"အဆုတ်ကင်ဆာပါ ။ မြန်မြန်ခွဲစိတ်ဖို့ လိုအပ်ပါတယ် ။ အချိန်မှီမခွဲစိတ်နိုင်ရင် လူနာကိုဆုံးရှုံးရပါလိမ့်မယ် ။ ကျွန်တော်တော့ သုံးလအတွင်း ခွဲစိတ်ဖို့ အကြံပြုချင်ပါတယ် ။ မြန်လေကောင်းလေပါပဲ ။ ဒီထက်ပိုနောက်ကျရင် ခွဲစိတ်ရင်တောင် အသက်မမှီတော့မှာ စိုးရိမ်ရပါတယ် ။ သုံးလအတွင်း ခွဲစိတ်ရင်တောင် အမြစ်ပျက်ဖို့ မသေချာတော့ပါဘူး ။"

ရော်ရွက်ဝါ ကန်တင်းတွင် ထမင်းစားနေရင်း လွန်ခဲ့တဲ့အပတ် ပိတ်ရက်က ဆရာဝန်ပြောသောစကားများကို ပြန်တွေးမိသွားသည် ။

ရော်ရွက်ဝါသည် သာမန်ဘဝကိုသာ လိုချင်သောမိန်းကလေးတစ်ယောက်ဖြစ်သည် ။ ထို့ကြောင့် ငယ်စဥ်ကတည်းက ဘယ်လောက်ခက်ခဲပင်ပန်းနေပါစေ အလုပ်စုံသာကြိုးစားလုပ်၍ ထိုရှုပ်ထွေးသောအသိုင်းအဝိုင်းထဲ ဝင်ဖို့ မြူမှုန်မျှပင်မစဥ်းစားခဲ့ ။ လူချမ်းသာများနှင့် တူတူအိပ်ခြင်းဆိုသည်မှာ အပြောလောက် မရိုးရှင်းပါချေ ။ အခက်မသင့်လျှင် ကြားမိသောစကားတစ်ခွန်းကြောင့် သေနိုင်သလို ၊ လုပ်မိသောအပြုအမူတစ်ခုကြောင့် ကြောင်ကကြွက်ကို ကစားနေသကဲ့သို့ ဘဝအား ကစားခံရနိုင်သည် ။

သူမ မျှော်လင့်သောဘဝသည် မကြာမီပင်ပြည့်မြောက်တော့မည်ဖြစ်သည် ။ နောက်နှစ်နှစ်နေလျှင် တက္ကသိုလ်ပြီးပြီ ။ စီးပွားရေးဖြင့် ကျောင်းပြီးထား၍ ဝင်ငွေအသင့်အတင့်ရရှိသော အလုပ်တစ်ခုတော့ ရတန်ကောင်းပါ၏ ။ ထို့နောက် ဝင်ငွေအတည်တကျရှိသွားလျှင် မြို့ထဲတွင် အရစ်ကျစနစ်ဖြင့် တိုက်ခန်းတစ်ခန်းဝယ်ယူ၍ သူမ၏အမေဖြစ်သူအား ခေါ်ထားလိုက်မည် ။ ဆန် ၊ ဆီ စိတ်မပူရဘဲ စားနိုင်မည် ၊ သူမအမေအား ကောင်းမွန်စွာ ထားနိုင်မည် ။ ထိုမျှလောက်နှင့်ပင် သူမ၏ရည်မှန်းချက်က ပြည့်ဝပြီဖြစ်သည် ။ သာမန်လူများ ၊ လူချမ်းသာများအတွက် ထိုရိုးရှင်းသောလမ်းက ဘာမှမဟုတ်သော်ငြား သူမအတွက်တော့ ဤလမ်းကြောင်းလေးပေါ်သို့ ရောက်ရန်ပင် အခက်အခဲများစွာ ဖြတ်ကျော်၍ ကျားကုတ်ကျားခဲကြိုးစားခဲ့ရသည် ။

သို့သော်လည်း ကံကြမ္မာက သူမကို အနားရစေချင်ပုံမပေါ်ပေ ။ ဆိုးရွားသောရောဂါတစ်ခု သူမ၏အမေထံတွင် စွဲကပ်လာပြန်သည် ။ တစ်ခါတစ်ရံကြရင်ဖြင့် ရော်ရွက်ဝါသည်လည်း အရာအားလုံးကို လွှတ်ချပစ်လိုက်ချင်မိသည် ။ ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်လျှင် အဘယ်​ကြောင့် ဆက်ကြိုးစားရမည်နည်း ။ သို့သော်လည်း သူမ မလုပ်နိုင် ။ သူမအမေသည် သူမဒီအရွယ်ထိ ရောက်အောင် ဘယ်လိုဒုက္ခအမျိုးမျိုးကို ခါးစည်းခံ၍ ကြိုးစားပျိုးထောင်ခဲ့ရသလဲ သူမကောင်းစွာ မှတ်မိနေပါ​သေးသည် ။ ဒီအသက်သည် သူမအတွက် အဖိုးမတန်သော်ငြား သူမအမေအတွက်တော့ ထိုကဲ့သို့ မဟုတ်ပါချေ ။

ဘီလီယံနာကြီးရဲ့ရွှေရုပ်ကလေး[My love is a billionaire]Where stories live. Discover now