•Unicode•
ကားပေါ်ကနေ ပြေးလွှား ခုန်ပေါက်ဆင်းသွားသော ကန္တာလွင်ကို ပြည်မင်းနိုင် လိုက်ဖမ်းဖို့တောင် မမှီတော့ချေ။ ကြီးကျယ်လွန်းသော ဧည့်ခံပွဲကြီးအတွင်းသို့ ကန္တာလွင် တစ်ယောက် အရှိန်ထိုး စပ်စလူးနတ်ပူးသလိုကို သွားလေသည်။ ပြည်မင်းနိုင်သည်လည်းအနောက်ကလိုက်ပြီး မတရားထိန်းရတော့သည်။“ ကိုကျော်မြတ်တောင် စွံသွားပြီသကို ”
ပြည်မင်းနိုင်ကတော့ ဘေးကနေငြိမ်သက်စွာ ရပ်နေသည်။ စကားကို သွက်လက်စွာပင် ပြောနေသော ကန္တာလွင်ကို ကြည့်ကာ စိတ်ထဲတော့ အသဲတွေယားနေလေရဲ့။ လူအများကြားမှာ ချပြလို့မရတဲ့ သူတို့ဆက်ဆံရေးကို မနှစ်သက်သော်ငြား နှစ်ကိုယ်တူ ချစ်နေရရင်ကို ကျေနပ်ရသည့်ဘဝမျိုးမှာ ပိုနေပျော်လှပါပြီ။
“ စွံဆို ကျုပ်လည်း အရွယ်ရောက်ပြီလေဗျာ ”
“ မမကြီး ကိုမတွေ့ပါလား ကိုကျော်မြတ် ”
မျက်လုံးကို တောင်ဝေ့ရမ်း မြောက်ဝေ့ရမ်းကာ ရှာပုံတော်ဖွင့်နေရင်းကနေ မနေနိုင်လွန်းလို့ မေးလိုက်တာပင်ဖြစ်သည်။ ပြည်မင်းနိုင်ကတော့ သူနဲ့မဆိုင်သလို ဘေးမှာ ရပ်ကာ ကြည့်နေလေရဲ့။
“ သူခဗျာ မိန်းကလေးသဘာ၀ ပြင်ရဆင်ရလုပ်ရသေးသကို ခဏနေ ဆင်းလာလိမ့်မယ် ”
ပြည်မင်းနိုင် မျက်နှာသည်ကား ရှိန်းမှိန်းကာ စပ်ဖျင်းဖျင်း ဖြစ်လာသည်။ လူတစ်ယောက်လုံး ဘေးမှာ ထားပြီး မေ့နေလိုက်လေခြင်းဟု ကျိန်ဆဲနေတော့သည်။
“ ကိုကန္တာလွင် ”
“ ဗျာ! မဟုတ်ပါဘူး ဘာလဲ ”
ပြည်မင်းနိုင် မျက်နှာ ထား က အလွန်ကို တည်သွားသည်။ စိတ်လည်း အနည်းငယ်တိုသွား၍ အပြင်သို့ထွက်ဖို့သာ လုပ်လိုက်သည်။ အလိုမကျတဲ့မျက်နှာထားက အလွန်တင်းမာနေသော်ငြား ကန္တာအတွက်တော့ချစ်စရာကောင်းသည်။
“ ကျုပ်ကို စောင့်အုန်းလေ မောင်ပြည်မင်းနိုင် ”
“ ခင်ဗျားဘာသာ နေစမ်းပါ ”
ပြည်မင်းနိုင်ရဲ့ ဂျစ်ကန်ကန်ပုံစံကို တစ်မြို့လုံးက လူတွေသိသည်။ သူဌေးသားလေးက လူအများကို ကောင်းကောင်းမဆက်ဆံတတ်ပါ။ ခပ်ဆိုးဆိုးပေပေတေတေသာ သူရဲ့ပုံစံဖြစ်သည်။ ကန္တာအဲ့ဒါကို ကောင်းကောင်းသိတာပေါ့။ စိတ်ဆိုးနေသော ပြည်မင်းနိုင်အား ဘယ်လိုချော့ရမလဲဆိုတာလည်း သူသိတယ်လေ။ ချက်ချင်း အပြင်ထွက်သွားသည့် ပြည်မင်းနိုင်နောက်သို့ ပြေးကာ လိုက်ရပြန်သည်။