*148* မင်းသိပါတယ်

8.3K 1.6K 42
                                    

ခြံဝန်းထဲက သားရဲတွေမှာ နှစ်သစ်ကူးဆိုတဲ့ စကားလုံးကို တစ်ခါမှ မကြားဖူးပေမဲ့လည်း ရုန်ယိနဲ့ တစ်ခြားသူတွေရဲ့ ပျော်ရွှင်နေမှုတွေကြောင့် အပျော်တွေကူးစက်သွားရပြီး သူတို့ပါ လိုက်အော်ဟစ်လာကြသည်။

"ပျော်ရွှင်စရာ နှစ်သစ်ကူးပါ....ပျော်ရွှင်စရာ နှစ်သစ်ကူးပါ..."
ဂွမ်းသားအပေါ်ထပ်အင်္ကျီ အနီရောင်လေးဝတ်ထားတဲ့ ယင်ထောင်က ရုန်ယိဆီကို ပြေးလာပြီး မေးလိုက်၏။
"ဖေဖေ..ဖေဖေ.. နှစ်သစ်ကူးဆိုတာ ဘာလဲ"

ရုန်ယိက ခဏလောက်စဥ်းစားကြည့်ပြီး ပြန်ဖြေလိုက်သည်။
"နှစ်သစ်ကူးဆိုတာ အထိမ်းအမှတ်အဖြစ် ကျင်းပရတဲ့ နေ့ထူးနေ့မြတ်တစ်ရက်လေ.. ပြီးဆုံးခဲ့တဲ့နှစ်အတွက်ရယ် လာမဲ့နှစ်အတွက်ရယ် အခမ်းအနားကျင်းပကြတာပေါ့.. ပြီးတော့ ကလေးတွေအကုန်လုံးလည်း မုန့်ဖိုးရကြတယ်"

"မုန့်ဖိုးဆိုတာဘာလဲ"

"အဲ့တာက.. မင်းတို့ စိတ်ဝိညာဥ်ကျောက်တုံးတွေအများကြီး ရကြမှာလေ"

အမြဲတမ်း ယင်ထောင်က လိုချင်တာဘာမဆိုရခဲ့လေသည်။ သူ့သိုလှောင်လက်ကောက်လေးထဲမှာလည်း ရုန်စုက သူ့အတွက် စိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီး ထည့်ပေးထားပေမဲ့လည်း သူတစ်ခါမှ ထိုဟာတွေကို မသုံးခဲ့ပေ။ ဒါကြောင့် စိတ်ဝိညာဥ်ကျောက်တုံးတွေလို့ ကြားလိုက်တဲ့အခါ ထိုအရာတွေကို သူလိုချင်စိတ်မရှိတာကြောင့် ပျော်ရွှင်သွားတဲ့အမူအယာမျိုး လုံးဝပြမလာပေ။

ရုန်ယိက ထပ်ပြောလိုက်သည်။
"မင်းတို့ လက်ဆောင်တွေ အများကြီးရကြမှာ"

ယင်ထောင်မှာ မျက်လုံးလေးတွေ တောက်ပသွားရ၏။
"ဘာလက်ဆောင်လဲဟင်"

ကျန်းမုနဲ့ ယင်စန်စန်တို့ကလည်း မျက်လုံးလေးတွေ တစ်လက်လက်နဲ့ ရုန်ယိကို လှမ်းကြည့်နေကြလေသည်။

"နှစ်သစ်ကူးညစာစားပွဲ ပြီးရင် မင်းတို့ကိုပေးမယ်"

အလှဆင်ထားတာတွေအကုန်လုံးကို ခန်းမထဲကနေ ဖယ်ထုတ်လိုက်ကြပြီးနောက် စားပွဲကြီး အလုံးနှစ်ဆယ်နဲ့ အစားထိုးလိုက်ကြသည်။ အရင်ဆုံး ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့က နေရာယူလိုက်ကြပြီး ရန်ချိုးရွှမ်ကလည်း ကလေးတွေနဲ့အတူ ဝင်ထိုင်လိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now