ရင်ခုန်သံနွေဦးရွက်ကြွေ🍂

83.7K 891 25
                                    

     

နင်းလာသည့်စက်ဘီးကို အရှိန်ပိုတင်လျက် လက်တွင်ပတ်ထားသော နာရီ ကို ငုံ့ကြည့်မိလိုက်သည့်အခါ ချိန်းထားသည့်အချိန်ထက် ဆယ့်ငါးမိနစ်ခန့်နောက်ကျနေပြီဖြစ်သည် .. ။
သူ ထွက်လာခါနီးမှအတင်းဝိုင်းဆွဲထားခဲ့ကြသော အကောင်းစားသူငယ်ချင်းများအား
ခပ်တိုးတိုးကျိန်ဆဲလိုက်မိခြင်းနှင့်အတူ မျက်လုံးထဲ၌မြင်ယောင်လာသည်က ခပ်ပါးပါးနှုတ်ခမ်းလေးတွေကိုအလိုမကျစွာစူထော်ထားလေမည့် သက်မှူး ရဲ့မျက်နှာလေးပင်ဖြစ်သည် ..။
တဆက်တည်းမှာပဲနောက်ကျရသည့်အကြောင်းအရင်းအတွက်ဘယ်လိုဆင်ခြေပေးရပါ့မလဲဆိုတာကိုပါအသည်းအသန်စဉ်းစားနေမိ၏..။
သက်မှူး ကို သူ ညာလို့မရနိုင်ဘူးဆိုတာတော့သေချာပေမယ့် ‌ဒေါသအရှိန်လျော့လိုလျော့ငြားတွေးနေမိခြင်းသာဖြစ်သည်..။
ချိန်းဆိုထားသည့် လမ်းထိပ်ကပန်းခြံ‌‌လေးနားရောက်တော့ ခပ်သွက်သွက်ဖိနင်းလိုက်ပြီးသိပ်မကြာခင်မှာပဲ တွေ့နေကျ ကံ့ကော်ပင်ကြီးအောက်မှအဖြူရောင် သစ်သားခုံတန်းလေးပေါ်ထိုင်နေသည့် ပန်းနုရောင် အရိပ်ကလေးကိုလှမ်းမြင်လိုက်ရသည်..။ သူမ အနားမရောက်တရောက်မှာ စက်ဘီးရပ်လိုက်တော့ ဆတ်ခနဲမျက်နှာလွှဲလိုက်သဖြင့် ပုခုံးမရောက်တရောက်ဆံနွယ်လေးတွေကဝဲခနဲလွင့်ခါသွားကြ၏ .. ရာသီဥတုအနေအထားအရ သက်မှူး ဘယ်လောက်အထိစိတ်ဆိုးနေပြီလဲဆိုတာ တကူးတကမေးစရာမလိုတော့ပြီ .. ။ သူ စက်ဘီးကိုဒေါက်ထောက်ရပ်လိုက်ပြီး အမောမဖြေနိုင်ဘဲ သက်မှူး မျက်နှာလွှဲထားရာဘက်သို့ အပြေးအလွှားသွားလိုက်ပြီး ..

"သက်မှူး .. ရောက်နေတာကြာပြီလား .. ကိုယ် ထွက်လာခါနီးမှ ကိစ္စလေးတစ်ခုအရေးပေါ်ဖြစ်သွားတာနဲ့ နည်းနည်းနောက်ကျသွားတာ .. တောင်းပန်ပါတယ် ကွာ .. နော် .."

ကိုယ့်ဘက်က အလွန်ဖြစ်နေတာရော သက်မှူး နဲ့ပတ်သက်လာလျှင် နည်းနည်းလေးမှတင်းမထားနိုင်သော နှလုံးသား၏အလိုအတိုင်း လေသံခပ်ပျော့ပျော့ဖြင့်ပြောနေမိသော်လည်း .. အောက်နှုတ်ခမ်းကို ခပ်ဖိဖိကိုက်ရင်း မျက်စောင်းခဲကာကြည့်လာ‌သော သက်မှူး မျက်ဝန်းတို့မှာတော့ အခိုးအငွေ့များထွက်‌နေသည့်နှယ်ပင် ..

You 're  My Destiny💌Where stories live. Discover now