၂၉

900 50 16
                                    

ထုံးစံအတိုင်း အလုပ်သွားဖို့ပြင်ဆင်နေတုန်း ခန့်အောင်ဆီမှ ဖုန်းဝင်လာသည်။ မနက် ၆ နာရီခွဲ ဆိုတာက ပုံမှန်ဆက်နေကျ အချိန်တော့ မဟုတ်ပါ။ သို့သော် မြဲအနေဖြင့် ခန့်အောင်ဆီမှဖုန်းကို ဘယ်သောအခါမှ ငြင်းပယ်ဖြစ်မှာမဟုတ်။ ထို့ကြောင့် ခေါင်းဖြီးလက်စကို ခဏရပ်ကာ ခလုတ်စိမ်းလေးကို နှိပ်လိုက်သည်။
“ဟယ်လို ကိုအောင်”
“မြဲ... ကိုယ် မန္တလေးကို ရောက်ပြီ”
“သြော်.. ဟုတ်”
လက်စသတ်တော့ သူရောက်လာပြီဆိုတာကို အသိပေးတာကိုး။
“ကိုယ် အခု ခြံရှေ့မှာ”
“ခြံ..?”
“အင်း၊ ကိုယ့်ကို ထွက်တွေ့လို့အဆင်ပြေလား”
“အခု ကျွန်မတို့ခြံရှေ့မှာလား”
မြဲ မယုံနိုင်ခြင်းများစွာဖြင့် ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။ အရွယ်ခပ်ငယ်ငယ် ခရီးဆောင်အိတ်ကို ပုခုံးတစ်ဖက်တွင် လွယ်ကာ ဖုန်းပြောနေသည့်ခန့်အောင်က ခြံရှေ့မှာ တကယ်ကြီး ရောက်နေသည်။
“ကိုယ် ကားဂိတ်ကနေ ဒီကိုတန်းလာခဲ့တာ၊ မြဲကို အရင်ဆုံးတွေ့ချင်လို့၊ ပြီးတော့... ဗိုက်လည်း ဆာတယ်”
“ဗိုက်ဆာတာများ ကိုယ့်အိမ်ကိုယ် ပြန်စားပါလား” ဟူ၍လည်း ပြန်ပြောလို့မကောင်း။ ထို့ကြောင့် ဖြီးလက်စဆံပင်ရှည်ကို လက်တွင်ပတ်ထားသည့် ခေါင်းစည်းကြိုးဖြင့် ဖြစ်သလို စည်းနှောင်လိုက်သည်။
ဒီအချိန်ဆို ရွက်ဝါကလည်း မျက်နှာသစ်၊ မီးဖိုချောင်ဝင် လုပ်နေတာနဲ့ အပြင်မှာ လူရောက်နေတာကို သိမှာမဟုတ်။ ခန့်အောင်ကလည်း မြဲကိုတွေ့ဖို့သာ တာဆူနေသည်မို့ အိမ်နေရင်းဝတ်နဲ့ပဲ အမြန်ဆင်းတွေ့လိုက်ရသည်။
တံခါးဖွင့်ပေးပြီးပြီးချင်း ခန့်အောင်က မြဲကို နူးညံ့စွာ ပြုံးကြည့်နေသည်။ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့သည့်အတိုင်း၊ ဘဝအဆက်ဆက် ဝေးကွာခဲ့ပြီးမှ ပြန်တွေ့ကြရသည့်နှယ် လွမ်းဆွတ်တမ်းတခြင်းတို့က ခန့်အောင်၏မျက်ဝန်းထဲတွင် ပြည့်နှက်နေသည်။
“ကျွန်မကို အထုပ်ပေး”
သူစိုက်ကြည့်နေသည့်အခိုက်အတန့်က လိုတာထက် ပိုကြာလာတော့ အထုပ်ဆီ အာရုံပြောင်းလိုက်သည်။ မြဲက အထုပ်ဆွဲယူတာကို မပေးဘဲ သူ့ရှေ့သို့ အနည်းငယ် တိုးကပ်မိသွားသည့် မြဲအား လွတ်နေသည့်လက်တစ်ဖက်ဖြင့် ဆွဲဖက်လာသည်။
“ကိုအောင်...”
“အရင်လို မြဲလို့ပဲ ပြောပေးပါလား၊ ကိုယ် မြဲကိုယ်ကိုယ် အဲ့လိုလေး သုံးနှုန်းတာကို သဘောကျတယ်”
ပြောပြောဆိုဆို လက်ထဲကအထုပ်ကို လွှတ်ချကာ လက် ၂ ဖက်လုံးဖြင့် မြဲကိုယ်လေးကို မလွတ်တမ်း ဖက်ထားပါတော့သည်။ မြဲမှာ ရုန်းချင်တာတောင် ရုန်းလို့မရ။
“အရမ်းလွမ်းနေခဲ့တာ”
မြဲ၏နားသယ်စပ်အား လေငွေ့နွေးနွေးက လာရောက်မိတ်ဆက်သည်။ ပုခုံးထက်သို့ နီးကပ်လာသည့် ထွက်သက်နွေးနွေးကြောင့် မြဲ အလန့်တကြားဖြစ်သွားရသည်။ ဒါက အိမ်ရှေ့ကြီးမှာလေ။
“ကိုအောင်...”
တားဆီးသံနဲ့အတူ ခန့်အောင်ကို အလန့်တကြား တွန်းမိသွားသည်။ ငြိမ်နေသည်မို့ မရုန်းတော့ဘူးဟု ထင်ထားခဲ့ပြီးမှ လွတ်ထွက်သွားတာကြောင့် ခန့်အောင်၏မျက်နှာတွင် နှမြောတသသည့် အရိပ်ယောင်များ ဖြတ်ပြေးသွားသည်။ ရှားရှားပါးပါး မြင်ရခဲသည့် ဆံပင်ကပိုကရိုနဲ့ မြဲပုံစံလေးက ခါတိုင်းထက်ပိုပြီး ဆွဲဆောင်မှုရှိနေတာကြောင့် လွမ်းစိတ်နဲ့ပေါင်းကာ စိတ်မထိန်းနိုင် ဖြစ်သွားခဲ့ရသည်။ ခုတော့ဖြင့် သူ့ကို စိတ်ဆိုးသွားပြီလားတောင် မသိတော့။
“အိမ်.. အိမ်ထဲ ဝင်ပါဦးလား”
နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်သည့်မြဲကို ကြည့်ပြီး တစ်ခုခုကတော့ သေချာသွားခဲ့ပြီ။ ဒီလိုအခွင့်အရေးမျိုး ထပ်ရဖို့ ခဲယဉ်းသွားပေပြီ။
“ကိုယ်...”
“ဟာ... ကိုကို...”
ရုတ်တရက်ပေါ်ထွက်လာသည့် အသံပိုင်ရှင်က နွေးပါ။ ပြုံးစစမျက်နှာထားနဲ့ သူတို့အနားရောက်လာသည့် နွေးက ရုတ်တရက်ပေါ်လာခြင်းတော့ ဟုတ်ချင်မှဟုတ်လိမ့်မည်။
“အမယ်.... အိမ်ထဲဝင်ပြီးမှ အလွမ်းသယ်ပါ ကိုကိုရယ်၊ မမမြဲ ရှက်နေပြီ”
မြဲမှာ နွေးရောက်လာ၍ နည်းနည်းတော့ အသက်ရှူချောင်သွားရသည်။ ခုနကလို ၂ ယောက်တည်းရှိနေသည့် အခြေအနေမျိုးမှာ ခန့်အောင်အပေါ် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မြဲ သေချာမသိပါ။
“နွေးက အစောကြီးပဲ”
“ကိုကိုပဲ ၇ နာရီလောက် လာကြိုဆိုလို့လေ”
“၇ နာရီမထိုးသေးဘူးလေ”
ကစားကွင်းရောက်နေ၍ မပြန်ချင်သေးသည့် ကလေးကြီးလိုဖြစ်နေသော ခန့်အောင်၏လက်မောင်းကို နွေးက အသာပုတ်လိုက်ရင်း
“အားယား... အေးဆေးမှ ပြန်မှာပါ၊ ခုက ကိုကို့ကို လာကြိုရင်း ထက်ရှင်းဆီ လာတာ”
“ထက်ရှင်းလား...”
“ဟုတ် မမမြဲ၊ သူနိုးပြီမလား”
“အင်း၊ နိုးလောက်ပြီထင်တယ်”
မြဲ အိမ်ထဲသို့ တစ်ချက်လှမ်းကြည့်ရင်း ပြောပြီးမှ အိမ်တံခါးပေါက်၏ဘေးတွင် တစ်စွန်းတစ်စထွက်နေသော ပုခုံးတစ်ဖက်ကို သတိထားမိသွားသည်။ ထက်ရှင်းများလား။
“နွေး ဝင်နှင့်လိုက်လေ၊ အစ်မတို့ နောက်က လိုက်ခဲ့မယ်”
“ဟုတ်”
နွေးက ဟိုကြည့်ဒီကြည့်လုပ်ကာ အိမ်ထဲသို့ ဝင်သွားသည်။ တောင့်တောင့်ကြီးရပ်နေသည့် ခန့်အောင်၏လက်မောင်းကို မြဲက တွဲတော့ အံ့သြသလို ပြန်ကြည့်လာသည်။
“ခုနက တွန်းလိုက်မိတာ တောင်းပန်ပါတယ်၊ မြဲ အသားမကျသေးလို့...”
ထိုစကားကိုကြားတော့ အိုနေသည့် ခန့်အောင်၏မျက်နှာက နတ်ရေကန်ထဲ ပြုတ်ကျသွားသလို ချက်ချင်း ပြန်လန်းလာသည်။
“ကိုယ်က မြဲစိတ်ဆိုးသွားတယ် ထင်နေတာ”
“စိတ်မဆိုးပါဘူး၊ အိမ်ထဲဝင်ကြမယ်လေ ကိုအောင်၊ မနက်စာစားသွားပေါ့”
“ဆိုင်ကိုလည်း လိုက်ပို့မယ်လေ”
“ရပါတယ်၊ ကိုအောင် ခရီးပန်းလာတာကို ဒုက္ခမပေးချင်ပါဘူး”
“ဒုက္ခမဟုတ်ပါဘူး၊ ကိုယ် လိုက်ပို့ချင်လို့ပါ”
၂ ယောက်သား စကားတပြောပြောနဲ့ အိမ်ထဲသို့ လျှောက်လာလိုက်ကြသည်။
“ဟဲ့... ဘာလုပ်နေတာလဲ မတ်တတ်ကြီး”
“ဟွန်..”
အိမ်ထဲသို့အဝင် အပေါက်ဝဘေးမှာ ငြိမ်နေသည့် ထက်ရှင်းအား အသံပြုလိုက်တော့ နွေးကို ကြောင်တောင်တောင်လေး ကြည့်နေသည်။ လက်ထဲမှာလည်း ဘူးတစ်ဘူးကို ကိုင်လျက်သား။
“ဘာဖြစ်နေတာလဲ ထက်ရှင်း”
“ဘာ ဘာမှမဖြစ်ပါဘူး၊ နင်က ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
“နင့်ဆီလာတာလေ၊ ဒါနဲ့ အဲ့ထဲက ဘာတွေလဲ”
တံတွေးမျိုချရင်း သူ့လက်ထဲကဘူးဆီ မျက်စပစ်ပြတော့ ထိုဘူးကို နောက်သို့ဝှက်လိုက်သည်။ ကပ်စေးနည်းနေတာလား အခုမှ။
“ဘာလဲ၊ ကျွေးလို့မရဘူးလား”
“အေး၊ နင်စားချင်ရင် တခြားဟာ လုပ်ပေးမယ်၊ ခုတော့ မီးဖိုချောင်ထဲ ပြန်သွားရအောင်”
“ဟဲ့.. ဘာတုန်းဟ”
ထက်ရှင်းမှာ အလောတကြီးအမူအရာဖြင့် နွေးလက်ကိုဆွဲကာ မီးဖိုချောင်သို့ အမြန် လျှောက်သွားသည်။ ထိုအချိန်တွင် မြဲနဲ့ခန့်အောင်က အိမ်ပေါက်ဝသို့ ရောက်လာပြီဖြစ်သည်။
“ခဏထိုင်ဦးနော် ကိုအောင်၊ မနက်စာအတွက် သွားကြည့်လိုက်ဦးမယ်”
မြဲ ခန့်အောင်ကို ထားခဲ့ကာ မီးဖိုချောင်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။ ရွက်ဝါနဲ့ ဇီဇဝါလည်း ဒီအချိန်လောက်ဆို နိုးလောက်ရောပေါ့။ ဒီနေ့တော့ မနက်စာကို အရင်နေ့တွေထက် ဖွယ်ဖွယ်ရာရာ ဖြစ်နေစေချင်သည်။
“ငါ့ကို ဘာလို့ ဇွတ်ဆွဲခေါ်လာတာတုန်း၊ မသိရင် သရဲလိုက်လာတာကျလို့”
နွေးမှာ ဘုမသိ ဘမသိ ဆွဲခေါ်ခံလာရသဖြင့် အနည်းငယ် မောဟိုက်နေသည်။ ထို့ကြောင့် အနားမှာရှိသည့် ကုလားထိုင်ကို ဆွဲယူထိုင်လိုက်သည်။ ထက်ရှင်းကတော့ ဆီချက်ခေါက်ဆွဲဘူးကို မူလနေရာတွင် ပြန်ထားလိုက်သည်။ ထို့နောက် နွေးအနားသို့ ပြန်လျှောက်လာကာ ခေါင်းကိုမော့၊ ခါးကိုထောက်ကာ အသက်ဝအောင်ရှူရင်း ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေရသည်။
ထည့်ပေးရမယ့် မနက်စာတွေလည်း စီစဉ်ပြီးပြီ။ ထမင်းကလည်း ပေါင်းအိုးထဲမှာ အဆင်သင့် ခူးစားရုံသာ။ ရွက်ဝါနဲ့  ဇီဇဝါကလည်း မျက်နှာသစ်ပြီးကြလို့ သနပ်ခါးလူးနေကြသည်။ တစ်အောင့်လောက်နေရင် ဇီဇဝါက ဦးဆောင်ပြီး ဟင်းချက်ပေလိမ့်မည်။ တကယ်ဆို မီးဖိုချောင်ထဲမှာ ထက်ရှင်းအတွက် လုပ်စရာမကျန်တော့။
"ထက်ရှင်း... ရွက်ဝါရော..?"
ဘေးမှာထိုင်နေသည့်နွေးက ခါးကိုလာတို့တော့မှ အသံလာရာကို လှည့်ကြည့်ဖြစ်သည်။ မြဲက သူ့အဖြေကို စောင့်နေဟန် စိုက်ကြည့်နေသည်မို့ သတိအမြန်ကပ်လိုက်ကာ
"သနပ်ခါးလိမ်းနေတာထင်တယ်"
"သြော်.."
"ဘာဖြစ်နေတာလဲ နင်.. ခုနကတည်းက ကြောင်တောင်တောင်နဲ့"
နွေးက ပြန်ထလာရင်း ထက်ရှင်းအနားသို့ တိုးတိုးကပ်ပြောသည်။ ထက်ရှင်းက နွေးကို ခေါင်းရမ်းပြလိုက်ရင်း
"အစ်မ... မီးဖိုချောင် ဝင်မလို့လား"
မြဲက ရေခဲသေတ္တာဖွင့်ပြီး အသားပန်းကန်ဆွဲယူနေရင်းမှ ခေါင်းညိတ်ပြသည်။
"အင်း၊ ရွက်ဝါကို ကူပေးမလို့"
"သြော်..."
"နွေးလည်း ဒီမှာပဲ မနက်စာစားလိုက်လေနော်၊ ကိုအောင်နဲ့ အတူပြန်မှာမလား"
"ဟုတ်တယ် မမမြဲ၊ နွေး ကူပေးမယ်လေ"
"ရတယ် ရတယ်၊ နွေးတို့မှာလည်း ကိစ္စရှိသေးတယ်ထင်တယ်နော်"
ထိုအခါမှ နွေးက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ထက်ရှင်းကို ပြူးတူးပြဲတဲ ကြည့်လာသည်။
"သြော်... ဟုတ်သား၊ ပြောစရာရှိတာ မေ့နေတယ်"
တကယ်ပါ။ ခုနတုန်းက ထက်ရှင်းနိုင်ဆိုတာ ရေငွေ့လို ကိုယ်ပျောက်နေသလားတောင် ထင်ရလောက်တဲ့အထိ သူ့ကို အဖက်မလုပ်ကြ။ ကြားထဲက ထက်ရှင်းကိုရှောင်ကာ နွေးနဲ့ မြဲက ခေါင်းစောင်း၍ အပြန်အလှန် ပြောနေခဲ့ကြသည်လေ။
"ငါ နင့်ကို အလုပ်ကိစ္စပြောမလို့၊ အရေးကြီးတယ်"
"ဘာကိစ္စလဲ"
"အေးဆေးပြောချင်တာ၊ အပြင်ထွက်ကြမလား"
"အင်း၊ ငါ့အခန်းထဲ သွားရအောင်လေ"
ထက်ရှင်းအနေနဲ့ ပုံမှန်အတိုင်းပြောလိုက်တာဖြစ်ပေမယ့် နွေးက မြဲကို ဆက်ခနဲ သွားကြည့်နေတာကြောင့် ထက်ရှင်းပါ လိုက်ကြည့်မိသွားသည်။ မြဲက သူ့ကို ဘယ်လိုမျက်လုံးတွေနဲ့ ကြည့်နေတာပါလိမ့်။ စက္ကန့်ပိုင်းလောက်သာ အကြည့်ချင်းဆုံပြီး မြဲဘက်ကအရင် မျက်နှာလွှဲသွားတာကြောင့် ထိုမျက်လုံးတွေကို အဓိပ္ပာယ်ပြန်ဖို့ အချိန်အနည်းငယ် ထပ်ယူလိုက်ရသည်။
"ခြဲထဲ သွားရအောင်၊ နေလည်းမပူသေးတော့.."
"အင်း"
နွေးက စကားဦးပြန်ဖော်ပေးတော့မှ သူ့စကားအတိုင်း လိုက်ပြောပေးဖြစ်သည်။ မြဲကတော့ သူတို့ကို ကြည့်မနေတော့။ ရွက်ဝါနဲ့ ဇီဇဝါလည်း ရောက်လာပြီမို့ ၃ ယောက်သား မီးဖိုချောင်ထဲတွင် အလုပ်ကိုယ်စီဖြင့် အာရုံများကုန်ကြသည်။ ထက်ရှင်းလည်း နွေးခေါ်ရာနောက်သို့ လိုက်လာဖြစ်ခဲ့သည်။
"ကိုကို.. နွေး ခြံထဲသွားလိုက်ဦးမယ်နော်"
"အင်း၊ ဘယ်လိုနေလဲ ထက်ရှင်း၊ အဆင်ပြေလား"
ဆိုဖာတွင် ထိုင်နေသည့် ခန့်အောင်က မေးငေါ့ကာ သူ့ဆီ ဦးတည်တော့ ဘာဖြေရမလဲ ထက်ရှင်းမသိ။ ဘာကိုအဆင်ပြေမပြေ သိချင်နေတာလဲဆိုတာ မဆန်းစစ်တတ်။ ထို့ကြောင့် ပုတ်သင်ညိုသာ လုပ်လိုက်ရသည်။
"ပြေပါတယ်"
"ကိုကိုကတော့လေ... အလုပ်သွားမယ့်သူကို အလုပ်ပိုပေးနေတယ် သိလား"
"ဟာ.. ဘလိုင်းကြီး"
"ဘလိုင်းမဟုတ်ဘူး၊ ဟိုမှာ မမမြဲကိုယ်တိုင် ဝင်ချက်နေလို့၊ အထူးဧည့်သည်ကြီးက မနက်အစောကြီး အိမ်တိုင်ရာရောက် ငုတ်တုတ်ထိုင်စောင့်နေတာဆိုတော့လေ..."
"မြဲကိုယ်တိုင် ချက်နေတာလား"
ခန့်အောင်၏မျက်နှာတွင် အံ့သြခြင်းတို့ ပြည့်နှက်လျက် လူကလည်း ထိုင်နေရာမှ ငေါက်ခနဲ ထရပ်လာသည်။ အံ့သြသည်ဆိုပေမယ့် ပြုံးရိပ်တို့ကလည်း ပျော်ဝင်လျက်။
"ဘယ်သွားမလို့လဲ၊ ထိုင်နေလေ"
"မြဲကို သွားကူပေးမလို့"
"ဟိုမှာ ၃ ယောက်တောင် ရှိတယ်၊ ကိုကိုကူလည်း အပိုပဲ၊ ရေရေရာရာ ချက်တတ်တာလည်း မဟုတ်ဘဲနဲ့"
"နွေးကလည်း..."
"သွားပါ... သွားပါ၊ မကူနိုင်လည်း ဘေးကနေ တစိမ့်စိမ့်ကြည့်နေချင်လို့မလား"
"အေး"
ထိုတစ်လုံးသာပြောပြီး လှစ်ခနဲဆို မီးဖိုချောင်အပေါက်ဝသို့ ရောက်သွားသည်။ ခန့်အောင်၏ အဖြစ်သနှစ်ကိုကြည့်ရင်း နွေးက စုတ်သပ်ကာ
"ဆေးမမီတော့ဘူး ငါ့အစ်ကိုတော့၊ ဟွန်း.. အိမ်ပြန်လာတာတောင် မိဘကို အရင်တွေ့မယ်မရှိဘူး၊ ပိုကိုပိုတယ်"
"ဟုတ်ပါ့"
"ဟမ်.."
ပြတ်သားသည့်ထောက်ခံသံကြောင့် ထက်ရှင်းကို ဆက်ခနဲ လှည့်ကြည့်တော့ သူဘာမှမသိတဲ့ ပုံစံလေးနဲ့ ခြံထဲသို့ လှည့်ထွက်သွားသည်။
"သူကပါ ဘာထဖောက်တာတုန်း"
နွေးမှာ ခေါင်းလေးကုပ်ရင်း ထက်ရှင်းနောက်သို့ လိုက်သွားရသည်။ မနက်အစောကြီးထလာရလို့ ထင်ယောင်ထင်မှားဖြစ်ပြီး နားကြားမှားသွားတာများလား။

❁မမ❁Where stories live. Discover now