၁၄

829 38 2
                                    

Laptop ထဲမှတစ်ဆင့် မြင်နေရသည့် ပုံရိပ်တချို့ကို ငေးကြည့်ရင်း သူ့မျက်လုံးတို့ ဆွေးလျလျဖြစ်လာသည်။

သူငေးကြည့်နေမိသည့် ဒီလူကြီးက လွန်ခဲ့သော ၁၀ နှစ်ကျော်က အချိန်တွေအထိ သူ၏ဖခင် ဖြစ်ခဲ့ဖူးသည်။ ဂီတကိုမြတ်နိုးသည့် တေးရေး/တေးဆိုတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ အခုတော့ နိုင်ငံရပ်ခြားမှာ အောင်မြင်မှုသရဖူဆောင်းနေသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေပြန်သည်။ သူ့အတွက်တော့ သူစိမ်းနီးပါး ဖြစ်သွားခဲ့ပြီ။

ဆန္ဒမပါဘဲ စီးကျလာသည့် မျက်ရည်ကြည်တို့အား လက်မနှင့် ဖိသုတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်ကာ ရှူလိုက်သည်။

ထိုစဉ် သီချင်းညည်းကာ ကားသော့တရမ်းရမ်းဖြင့် အိမ်ထဲသို့ဝင်လာသည့် နွေးကြောင့် desktop ဆီသို့ ပြန်ထွက်ကာ laptop ကို အမြန်ပိတ်လိုက်သည်။

“အိုး... မစ္စတာထက်ရှင်း... Good morning”

ပြောင်စပ်စပ်မျက်နှာထားဖြင့် ခပ်လှမ်းလှမ်းတွင် ဝင်ထိုင်လိုက်သည့်နွေးက သူ့ကိုကြည့်ပြီး ဂနာမငြိမ်ဖြစ်နေသည်။

“ရုပ်ကိုက... ဘာဖြစ်နေတာလဲ”

“မနေ့က ဘာဆက်ဖြစ်လဲ သိချင်လို့ပါ”

“အေး၊ ငါလည်း ပြန်မေးရဦးမယ်၊ နင် ငါတို့ကိစ္စကို ဘယ်အထိ သိထားပြီးပြီလဲ ဟမ်... မနေ့ကလည်း နင်ကသာ အကွက်ရွှေ့သွားတာ၊ ငါ့မှာတော့ ကမောက်ကမတွေ ဖြစ်လို့”

“အမယ်... ကမောက်ကမလို့တော့ မပြောပါနဲ့၊ ဘယ်လိုလဲ၊ အဆင်ပြေတယ်မလား”

သိချင်စိတ်ပြင်းပြစွာ မေးမြန်းနေသည့် နွေးက သူနှင့်ပိပိအကြောင်းကို အပေါ်ယံလောက် သိထားတာမျိုးတော့ မဖြစ်နိုင်။ သိလျှင်သိသလောက် စူးစမ်းမေးမြန်းတတ်သည့် နွေးကို တစ်ခါတစ်လေတော့ သူ လန့်မိသည်။ လျှို့ဝှက်ထားချင်သည့်ကိစ္စ ရှိလာခဲ့လျှင်တောင်မှ နွေး၏ ဤကဲ့သို့သော စူပါစွမ်းရည်တွေကြောင့် လျှို့ဝှက်မထားနိုင်မှာကို စိုးရိမ်မိပါ၏။

“နင်က ငါတို့ကြားက မြားနတ်မောင်လား”

“မဟုတ်ပါဘူး... အောင်သွယ်တော်”

❁မမ❁Where stories live. Discover now