၃၅

869 46 6
                                    

Unicode

"မမ..မမ.. ကိုကြီးထက်ရှင်း live လွှင့်ပြီ"

ထက်ရှင်း၏သတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေသည့် ရွက်ဝါက အခန်းရှေ့ကို လာအော်တော့ မြဲ ဆက်ခနဲ ထရပ်မိသွားသည်။ လက်ထဲမှ စာရင်းစာအုပ်တွေကို ဘေးချကာ တံခါးဖွင့်ပေးလိုက်သည်။

"ဒီမယ် မမ"

လှေကားထစ်တွေကို ပြေးတက်လာဟန်ရှိသော ရွက်ဝါ၏ပုံစံက အနည်းငယ် မောဟိုက်နေသည်။ သူ့လက်ထဲကဖုန်းကို ဝမ်းသာအားရ ထောင်ပြတော့ မြဲမှာ မကြည့်ဘဲ မနေနိုင်ခဲ့။

"ခုနကမှ စတာ၊ အတူကြည့်မလား မမ"

"အင်း"

ခွင့်ပြုချက်ရသည်နှင့် ရွက်ဝါက မြဲနောက်မှ လိုက်လာကာ မြဲ၏နံဘေး ခုတင်နေရာတွင် ဝင်ထိုင်လိုက်သည်။ အသံကို ပိုကျယ်လိုက်တော့ ဖုန်းထဲမှ ထက်ရှင်း၏အသံက ကြည်လင်စွာ ထွက်ပေါ်လာသည်။

"အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က ဘာမှမတုံ့ပြန်ခဲ့လို့ အထင်မှားစရာတွေ ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်၊ တိတိကျကျ သက်သေပြစရာကို လိုက်ရှာနေလို့ ဒီလောက်ထိ ကြာသွားခဲ့တာပါ"

ဖုန်းမျက်နှာပြင်ကို အလျားလိုက်လှဲကာ live လွှင့်နေခြင်း ဖြစ်သည်။ ဖုန်းမျက်နှာပြင်တွင် ထက်ရှင်းနဲ့ နွေးအပြင် တခြား အမျိုးသမီးတစ်ယောက်လည်း ပါဝင်သေးသည်။

"ဓာတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ပိုင်းလုံးလို့ စွပ်စွဲကြတယ်၊ ကျွန်တော် ဘားမှာ waiter လုပ်ခဲ့တာ မှန်ပါတယ်၊ ဧည့်သည်တွေ တောင်းဆိုလို့ အတူသောက်ပေးခဲ့ရတာတွေ ရှိပါတယ်၊ ကျွန်တော့်ရဲ့ ဝန်ဆောင်မှုကို ကျေနပ်လို့ tip money ပေးကြတာတွေ ရှိတယ်၊ ဒါတွေအားလုံးက အလုပ်သဘောအရ လုပ်ခဲ့တာတွေချည်းပါ"

ကာယကံရှင်ကိုယ်တိုင် ပြောနေခြင်းဖြစ်၍ ဦးရှင်းခန့်၏ Live ထက် ကြည့်ရှုသူ ပိုများလာသည်။ မေးခွန်းတွေလည်း ရှိသလို အားပေးတဲ့ မှတ်ချက်တွေလည်း ရှိသည်။ ထိုနည်းတူ အပြစ်တင် ဝေဖန် ဆဲဆိုထားကြသော comment များလည်း တရိပ်ရိပ် တက်လာသည်။

❁မမ❁Where stories live. Discover now