Chapter (26)

144 16 0
                                    

(Unicode)

အပိုင်း (26)

လေအလွင့်တွင် နတ်ဘုရားအရှင်စစ်ရန်၏ ဝတ်ရုံရှည်က နှင်းမှုန်တို့နှင့်အပြိုင် ဖြူစွတ်ကာ တဖျပ်ဖျပ် လူးလွန့်နေ၏။ ဒူးကောက်ကွေးအထိ ရှည်သော ပိတုန်းရောင် ဆံနွယ်ရှည်တို့က အဖြူရောင်ဝတ်ရုံ၏ ကျောပြင်တွင် ကျက်သရေရှိစွာ တင့်တယ်နေသည်။

"ဆရာ"

"ရှောင်ယွင်"

သူ၏ ခေါ်သံအား ကြားလျှင် ဆရာက သူ့အား လှည့်ကြည့်လာ၏။ ထိုစဥ် နှစ်များဆီကအတိုင်း ဆရာက ခန့်ညားချောမောနေဆဲ ဖြစ်သော်ငြား မျက်ဝန်းအိမ်များက အုံ့မှိုင်းနေခဲ့သည်။ ယွင်ရှီး သူ၏ရှေ့တွင် ရှိသော ဆရာ့၏ပုံရိပ်ကို စိတ်ထဲတွင် မှတ်သားနေမိရင်းက ဒူးထောက်ချကာ နဖူးနှင့် မြေကြီးကိုထိ၍ ဂါရဝပြုလိုက်သည်။ ဤသည်က ယွင်ရှီးအတွက် ဆရာ့ကို နောက်ဆုံးဂါရဝပြုခြင်း ဖြစ်သွားမလားဆိုသည်ကို သူကိုယ်တိုင်တောင် မသိတော့ပေ။

"ထပါ"

ဆရာက တောင်စောင်းမှာ ရပ်နေရာက ယွင်ရှီးဆီသို့ လျှောက်လှမ်းလာပြီး သူ့လက်တွေကို
ဆုပ်ကိုင်ကာ မတ်တပ်ပြန်ရပ်သည်။ ထို့နောက် ယွင်ရှီး မျက်နှာကို အကြာကြီး စိုက်ကြည့်နေရင်း ဆရာ့မျက်ဝန်းတွင် မျက်ရည်များက တဖြည်းဖြည်း ရစ်ဝဲလာ၏။

ယွင်ရှီး တစ်ခဏမျှ ဆွံ့အသွားမိရသည်။ သူ ရှင်သန်ခဲ့သော နှစ်များစွာ၌ ဆရာ့၏ မျက်ရည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ မကြုံဆုံဖူးသော အခြေအနေတွင် ယွင်ရှီး၏ နှလုံးသားထဲတွင် တစ်ခုခုက တစ်ဆို့တားဆီးနေသကဲ့သို့ အသက်ရှူဖို့ပင် ခက်ခဲလာသလို ခံစားလိုက်ရသည်။

"ဆရာ.."

ယွင်ရှီး၏ နှုတ်ဖျားသည်မှ "ဆရာ" ဟူသော စကားလုံးမှ လွဲ၍ မည်သည့်စကားကို ပြောသင့်သလဲ သူ မသိတော့ပါချေ။

ကျောက်စိမ်းအဆောင်၏ အချက်ပြလာမှုတွင် ထိုအချိန်က အလွန် နီးကပ်လာပြီ ဖြစ်ကြောင်း ယွင်ရှီး သိရှိမိပါ၏။ ဆရာ့၏ အမိန့်အတိုင်း သူ ကျောက်စိမ်းတောင်တော်ပေါ်သို့ တက်ခဲ့လျှင် ဆရာက သူအနားယူလေ့ရှိသော အနောက်ဘက်တောင်စောင်းဆီသို့ လာခဲ့ဖို့ပြောသဖြင့် ဤနေရာဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

Yearning For Myriad Cherry [Completed]Where stories live. Discover now