Chapter-1

472 32 5
                                    


မြို့ငယ်လေး၏ ဘူတာရုံ၌ ရထားသည်ဆိုက်ရပ်ခဲ့ပြီး။ ရထားဘူတာတွင် လူသူများဆင်းချည်တက်ချည်ပြုလုပ်နေကြသည့် အထဲ။
ကျွန်မ သူ့အား ဤနေရာလေး၌၍ရပ်၍ အတန်ကြာကြာမျှော်နေမိသည်။

ရထားပေါ် စီးနင်းလိုက်ပါလာခဲ့သည့်လမ်းခရီးတစ်လျောက်လုံးနှင့် ရထားပေါ်က ဆင်းစဉ်ကတည်းက သူ ကျွန်မကို ဘူတာရုံမှာစောင့်၍ ခရီးဦးကြိုပြုလိမ့်မည်၊ ကျွန်မကိုမြင်လျှင် သူ့ကိုယ်လုံးလေးအား ကျွန်မရင်ခွင်ထဲနစ်သွားအောင်ပြေးဖက်လာပြီး ကျွန်မအားမည်မျှလွမ်းဆွတ်သတိရနေကြောင်း မျက်ရည်လည်ရွဲလေးနှင့်တတွတ်တွတ်ပြော၍ချွဲနွဲ့လိမ့်မည်၊ ထို့နောက်တွင် သူ၏ချစ်စဖွယ်အပြုံးလေးတွေကိုမြင်ရလိမ့်မည်။
ကျွန်မလည်း သူ့ပါးပြင်ဖွေးဖွေးနုနုလေးနှစ်ဖက်အား လွမ်းခဲ့ရသမျှအလွမ်းတွေတပုံတပင်ဖြင့် အတိုးချကာ တဝကြီးမွှေးကြူ နမ်းရှိုက်လိုက်မည်ဟု ကြည်ကြည်နူးနူးတွေးထားခဲ့သည်။ မျှော်လင့်ထားခဲ့ပါသည်။

သို့သော် ရထားဆင်းကတည်းက သူ့ကိုဟိုနေရာတွေ့နိုးနိုး သည်နေရာတွေ့နိုးနိုးရှာနေမိပေမယ့်၊ သူဟာ အရိပ်ယောင်လေးတောင်မတွေ့ရပါ။
အလုပ်တွေမအားလပ်လို့များလား...၊ အလုပ်များနေလို့ နေမှာပါဆိုပြီး စိတ်ဖြေတွေးပေမယ့်၊ နှစ်တွေအကြာကြီးနေကာမှ ပြန်တွေ့ကြရမည့်အဖြစ်ကို သူရှောင်ဖယ်လောက်မည်မဟုတ်ပါ ကျွန်မသေချာပြောရဲပါသည်။
သူ့ကို ထားရစ်ကာ အောင်မြင်မှုနောက်လိုက်ဖို့ရာထွက်သွားခဲ့သော ကျွန်မကို သူစိတ်နာနေမယ်ဆိုရင်တောင်မှ ကျွန်မတို့ပြန်တွေ့ကြမည့်အရေး သူပစ်ပစ်ခါခါလုပ်ရက်မှာမဟုတ်ပါ၊ လုပ်နိုင်မှာလည်းမဟုတ်ပါ။

နောက်ပြီး ကျွန်မ မြို့ကိုပြန်လာသည့်အရေး သူ မသိစရာအကြောင်းမရှိ။
ကျွန်မကဲ့သို့ (ယခုကျွန်မကဲ့သို့) တိုင်းသိပြည်သိ နိုင်ငံကျော် တေးသံရှင်တစ်ဦးက ဇာတိချက်မြှုပ်မြို့ကလေးကိုပြန်လာ၍ ရက်ရှည်ပရဟိတဖျော်ဖြေပွဲကျင်းပမည့် ဟိုးလေးတကျော်ကျော် သတင်းကို သူ့လိုသတင်းစာပညာရှင်ကြီး မသိတန်ရာ။

သူ တကယ်ပင်နေနိုင်ရက်လေခြင်း၊ လုပ်ရက်လိုက်လေခြင်း ဟုဆိုကာစိတ်ငြိုချင်ပေမယ့်၊ တစ်ကယ်တမ်းလုပ်ရက်ခဲ့သူမှ ကျွန်မပဲမဟုတ်ပေဘူးလား။
ကျွန်မ မြို့ကထွက်ခဲ့သည့်နေ့က ဘူတာရုံ ရထားနံဘေးမှာ ကျွန်မထွက်သွားသည်အထိ(ရထားထွက်သွားသည်အထိ) မျက်ရည်လည်နေသော မျက်ဝန်းဝိုင်းဝိုင်းကလေးများကို မငိုမိအောင်မာန်တင်းကာ ကျွန်မကို သွားလေရာမှာဂရုစိုက်ဖို့၊ သူ့ဆီစာတွေအမြဲရေးဖို့ ငိုမဲ့မဲ့နှင့် အထပ်ထပ်မှာနေခဲ့သော သနားစရာသူ့ပုံရိပ်လေးကို မနေ့တနေ့ကလိုပင် ကျွန်မမှာမမေ့နိုင်သေးပါ။
သူမျက်ရည်ကျတာမြင်လျှင်ကျွန်မစိတ်ဖြောင့်​ဖြောင့်မသွားနိုင်မှာစိုး၍ ခွဲခွာရခြင်း၏ခါးသီးမှုတို့ကိုတင်းခံကာ မငိုခဲ့မှန်းကျွန်မကောင်းကောင်းကြီးသိပါသည်။

We'll Meet AgainWhere stories live. Discover now