Chapter-5

156 17 0
                                    

အချစ်သည် ပန်းများကိုပွင့်လန်းစေ၏။
အချစ်သည် တေးသံများကိုချိုမြန်စေ၏။
အချစ်သည် စာပေအဖွဲ့အနွဲ့များသဖွယ်နက်နဲသိမ်မွေ့၏။
အချစ်သည် လေးနက်သောသဘာဝတရားတစ်ခုဖြစ်၏။
အချစ်တည်ရှိနေခြင်းသည်လောကကြီးကိုလှပစေ၏။

ကျွန်မသည် ဂျူဟျွန်းကို ကိလေသာအချစ်ဖြင့်ချစ်နေမိပြီဟုဝန်ခံခဲ့စဥ်က ဂျူဟျွန်းကျွန်မအပေါ်ပြန်ချစ်လေမလားဟူသောမျှော်လင့်ချက်မျိုးမထားခဲ့ပါ။ ကျွန်မခံစားချက်များကိုသူသိသင့်သည်ထင်၍ဖွင့်ဟခဲ့ရုံမျှဖြစ်ပါသည်။
သို့သော်ဂျူဟျွန်းသည်ကျွန်မနည်းတူကျွန်မအပေါ်ချစ်နေခဲ့သည်။

ထိုအချိန်မှစ၍ကျွန်မ၏ကမ္ဘာသည်ဂျူဟျွန်းဟူသောအမျိုးသမီးလေးဖြစ်ခဲ့၏။

ကျွန်မ ဂျူဟျွန်းကိုချစ်သည်။
ဂျူဟျွန်းသည် ကျွန်မအဖို့ပွေ့ဖက်နမ်းရှိုက်ဖို့ရာပင်မဝံ့သောပန်းကလေးဖြစ်သည်။
ကျွန်မသည် ကျွန်မ၏ပန်းကလေးအား တစ်ကိုယ်တည်းအရိပ်တကြည့်ကြည့်မြတ်နှိုးချင်သည်။ တစ်ပါးသူထံတိမ်းညွှတ်သွားမှာကို တသသ စိုးထိတ်နေခဲ့ရသောကာလများလည်းရှိသည်။
ကျွန်မ၏ပန်းကလေးပွန်းပဲ့သွားမှာစိုးရိမ်သည်၊ ညှိုးနွမ်းမှာစိုးရိမ်သည်၊ ထိုနည်းအတူ ကျွန်မ၏ ပန်းလှလှကလေး အနားတွင်ဝေ့ဝဲနေကြသော အခြားသော အရောင်အသွေးထည်ထည်ဝါဝါလိပ်ပြာများဘက်သို့ ပန်းကလေးလေယူရာ ယိမ်းသွားမည်ကိုလည်းစိုးရိမ်ခဲ့သည်။

ကျွန်မနှင့်ဂျူဟျွန်းတို့၏အခြေအနေအဆင့်အတန်းမှာကွာခြားလှ၏။
ကျွန်မသည် ဂျူဟျွန်းကို၊ ဂျူဟျွန်း၏အချစ်ကို တစ်ဦးတည်းမူပိုင် ပိုင်ဆိုင်ရရှိပြီးသည့်တိုင်၊ ထိုချစ်ရုံမျှအချစ်တို့ဖြင့်မရောင့်ရဲမတင်းတိမ်နိုင်ပဲရှိခဲ့သည်။
ဂျူဟျွန်းသည် ကျွန်မအတွက်တန်ဖိုးကြီးလွန်းသောရတနာလေးဖြစ်သည်၊ ဖြစ်နိုင်ပါလျှင် ကျွန်မ၏ဂျူဟျွန်းကိုသံကွန်ခြာခုနှစ်ဆင့်အုပ်သော စိန်စီရွှေစီနန်းဆောင်ထဲတွင်ဘယ်သူမှမမြင်နိုင်မထိရက်နိုင်အောင်ဝှက်ထား၍ ကျွန်မတစ်ယောက်တည်းမြတ်မြတ်နိုးနိုးချစ်ချင်သည်။
သို့သော်ဂျူဟျွန်းသည်အရုပ်တစ်ရုပ်မဟုတ်လူသားတစ်ယောက်ဖြစ်သည်။
ဤသို့ဖြင့်ကျွန်မတို့နှစ်ဦး၏ချစ်သူသက်တမ်းမှာ သုံးနှစ်ကျော်လေးနှစ်ဝန်းကျင်သို့ဝင်ရောက်လာပြီဖြစ်သည်။
ကျွန်မ၏ဂျူဟျွန်းသည် ကျွန်မမျက်စိရှေ့၌ပင် တစ်တေ့တစ်ခြားပိုလှလှလာသည်။ ပို၍ရင့်ကျက်တည်ငြိမ်သောအမျိုးသမီးကလေး ဖြစ်လာသည်။  ဂျူဟျွန်း၏အလှမှာမြင်သူတကာ တစိမ့်စိမ့်ရှုမဝအောင်လှသော ပြေပြေပြစ်ပြစ်ဖူးဖူးငုံငုံအလှကလေးဖြစ်၏။ သူ့ဘေးနား၌လှည့်လည်နေကြသော လူကုံထံအသိုင်းအဝိုင်းကအမျိုးကောင်းသားတို့သည်လည်းများပြားလှပါသည်။
သည့်အပြင်ဂျူဟျွန်းသည် သူ၏ဖခင်ပိုင်သော'နေ့အလင်းသစ်'သတင်းစာတိုက်၌ သတင်းထောက်တစ်ယောက်အဖြစ်အလုပ်ဝင်ကတည်းက သူဝါသနာထုံခုံမင်သောသတင်းအချက်အလက်ရေးရာအဖြာဖြာတို့ကိုစိတ်ရောကိုယ်ပါနှစ်မြှုပ်ကာကြိုးစားလုပ်ကိုင်ခဲ့သည်။
အလုပ်၌သာခေါင်းစိုက်နေသောသူသည် ကျွန်မကိုအချိန်ပေးမှုများလျော့နည်းလာခဲ့သည်။ ကျွန်မအပေါ်စိတ်ဝင်စားမှုများနည်းပါးလာလေသလားဟုတွေးမှတ်ခဲ့သည်။
ဤအချက်များက ကျွန်မတစ်ယောက်တည်းကြိတ်၍စိုးရိမ်ပူပန်နေစေရန်လုံလောက်ခဲ့သည်။

We'll Meet AgainNơi câu chuyện tồn tại. Hãy khám phá bây giờ