“ဒီနေ့ည movie night ရှိမယ်ဟေ့၊ ဆရာမကြီးကိုယ်တိုင် ခွင့်ပြုပေးထားတယ်”
နေ့လည် ထမင်းစားချိန်ဖြစ်၍ ထမင်းစားဆောင်တွင် တစ်ကျောင်းလုံးရှိ ကျောင်းသူ၊ ကျောင်းသားများအားလုံး စုဝေးနေချိန်မှာ တစ်ခါတည်း ကြေညာသွားခြင်းဖြစ်သည်။ Movie Night ဆိုတဲ့ အသံကြားသည်နှင့် ထမင်းစားဆောင်တစ်ဆောင်လုံး အုံးအုံးကျွတ်ကျွတ်ဖြစ်သွားသည်။
Movie Night ဆိုသည့်အတိုင်း ညဖက်တွင် နာမည်ကြီးရုပ်ရှင်ကားများကို projector နှင့်ပြသခြင်းဖြစ်သည်။ ယောက်ျားလေးဆောင်နှင့် မိန်းကလေးဆောင် အတူတွဲပြခြင်းတော့မဟုတ်၊ ယောက်ျားလေးဆောင်တွင် projector တစ်ခု၊ မိန်းကလေးဆောင်တွင်လည်း အလားတူ projector တစ်ခုနှင့် သီးသန့်စီ ပြသခြင်းသာဖြစ်သည့်အတွက် မိန်းကလေးများနှင့် နီးစပ်ချင်သော ကျောင်းသားလေးများအတွက်တော့ စိတ်ဓာတ်ကျစရာပင်။ သို့သော်လည်း ရှားရှားပါးပါး လွတ်လပ်သည့် ညတစ်ည ဖြစ်သည့်အလျောက် ရုပ်ရှင်မကြည့်ချင်သူများက အဆောင်အတွင်း လွတ်လပ်စွာ နေနိုင်ခွင့် ရှိလေသည်။ ကျောင်းသားဘဝမှာ လွတ်လပ်ခြင်းလောက် လိုအပ်သည့်အရာ မရှိနိုင်၊ တစ်ညလေးပဲ ဖြစ်ဖြစ်ပေါ့။
“မြတ်မင်းရေ၊ Movie Night တဲ့”
ထမင်းစားဆောင်မှာတော့ ကျောင်းသားချင်း လွတ်လပ်စွာ အတူစားခွင့်ရှိသောကြောင့် ထမင်းစားချိန်ရောက်တိုင်း နန္ဒတစ်ယောက် ကျွန်တော့်အနားက မခွာနိုင်ဖြစ်နေသည်မှာ မထူးဆန်းပါ။
“အဲ့တော့...”
“ဘာကို အဲ့တော့ လဲ? မင်းက အဲ့ ကြည့်ပြီးသားကားတွေပဲ ထိုင်ကြည့်နေမှာလားဟ”
“မပြောတတ်ဘူးလေ၊ ကြည့်ပြီးသားပြလည်း ငါကြိုက်ရင် ထိုင်ကြည့်ချင် ကြည့်နေမှာပေါ့၊ ပြီးတော့ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ထိုင်ကြည့်ရတာလောက် ဇိမ်ကျတဲ့ အရသာမျိုးက movie night မှာပဲ ရနိုင်တာ”
မိမိစကားကြောင့် ကိုစိတ်တိုတစ်ယောက် နာကျင်သွားသည်ထင့်၊ စကားတစ်လုံးမျှ ပြန်မပြော။ စားလက်စ ထမင်းကိုပင် ကုန်အောင် မစားသွားတော့ဘဲ ထမင်းစားဆောင်အတွင်းမှ မပြေးရုံတမယ် ထွက်သွားလေသည်။
YOU ARE READING
Lovely Bhone (one-shot MYANMAR BL)(COMPLETED)
Short Storyကျွန်တော်ဆိုသည်မှာ ချစ်ရသူ ပေးသော အချို၊ အခါးများကို ပျော်မွေ့စွာ လက်ခံယူမည့်သူဖြစ်သည်မို့ ချစ်ရသူမှ ချိုမြိန်ခြင်းများ ပေးလျှင် မြိန်ယှက်စွာ သုံးဆောင်မည်ဖြစ်ပြီး ချစ်ရသူမှ ခါးသက်ခြင်းများသာ တိုက်ကျွေးလျှင်လည်း ကျေနပ်စွာ ပျော်ဝင်နေဦးမည် ဖြစ်သည်...