❄️❄️❄️
ဇူလိုင်လဟာ မိုးစက်မိုးပေါက်ကလေးတွေနဲ့အတူ လက်ပြပြီးဝင်လာခဲ့တယ်...
...လို့ ပြောချင်ပေမယ့် ဘယ်လိုတောင် သောက်ရမ်းပူနေသေးတာတုန်း မန္တလေးရယ်...။ စီးတော်ယာဉ်လေးကိုသတိရလို့ ဆွဲထုတ်လာတဲ့နေ့ကျမှ နေကပူလိုက်တဲ့ဖြစ်ခြင်း။ ခုဏက အုံ့နေတဲ့မိုးတွေက ဘယ်ကိုအူယားဖားယား ထွက်ပြေးကုန်တာတုန်း။
နဖူးကချွေးခြေမကျအောင် စက်ဘီးကိုနင်းလာခဲ့ရင်း ဂျူတီပျက် ကွက်နေတဲ့ မိုးနတ်မင်းကို impression -10 ပြပြီး warning ပေးလိုက်တယ်။ ဘယ်နှယ့်ဗျာ... တစ်နွေလုံးပူပြီးတာတောင် ငါးခြောက်ဖုတ်ပြီးရင် ဆတ်သားခြောက်ဆက်ဖုတ်တာပေါ့ ဆိုတဲ့ဒီဇိုင်းနဲ့။ ရာသီဥတုတွေကလည်း ကြာလေအစွန်းရောက်လေပဲ။ လေညင်းလေးတစ်သုတ် လမ်းဘေးတမာပင်တွေကြားက ဖြတ်တိုက်လာလို့သာ လမ်းမဘက်လွင့်ပျံ့လာတဲ့ မျက်စိဖွင့်ကာစ တမာပွင့်လေးတွေရဲ့ရနံ့နဲ့ နည်းနည်းလေးလန်းဆန်းသွားသလို ခံစားလိုက်ရတယ်။
၇၃လမ်းထောင့်ကိုကွေ့ဝင်လာခဲ့ပြီး စက်ဘီးနီလေးကို လမ်းဘေးမှာကပ်ရပ် ပလက်ဖောင်းပေါ်မတင်လို့ ရေတမာပင်တွေရဲ့အရိပ်ကြားမှာ ချွေးသုတ်လိုက်ရင်း နာရီကိုငုံ့ကြည့်လိုက်တော့ ၁၂ နာရီ ၄၈ မိနစ်။
ရပ်နေရင်းမကြာခင်မှာပဲ ခပ်ဝေးဝေးကနေ အနက်ရောင် Scoopy လေးတစ်စီး ကျောင်းဘက်ကို ဦးတည်လာနေတာမြင်ရရဲ့။ လက်ကလေးယမ်းပြရင်း ခေါ်လိုက်တော့ ကျွန်တော်ရပ်နေတဲ့နားကို ထိုးဆိုက်လာရဲ့။ နောက်တော့ မျက်စိရှေ့က မှန်ပါးပါးနှစ်ချပ်ကိုကျော်လို့ လူကိုကြည့်ရင်း သူ့လေသံမဝဲတဝဲလေးနဲ့ ချစ်စဖွယ်ကောင်းအောင် နှုတ်ဆက်တယ်။
"ဘာလာလုပ်တာလဲ..."
"ဟွန့်... ကိုကိုကလည်း... တွေ့တာနဲ့ငေါက်မယ်ဆိုတာချည်းပဲ၊ ပေးစရာရှိလို့လာစောင့်နေတာပေါ့..."
ပြောရင်းနဲ့ ကျောပိုးအိတ်ကိုဖွင့်လို့ တစ်ခုခုနှိုက်ယူလိုက်ပြီး ကိုကိုမျက်နှာရှေ့ကို ထောင်ပြလိုက်တော့ လေထဲကိုထွက်လာတဲ့ တုန်ခါမှုလှိုင်းနဲ့ လေအေးလေးတွေကြောင့် ကိုကိုကမျက်လွှာကို တစ်ချက်မှိတ်ချလိုက်ပြီးမှ ပြန်ဖွင့်ကြည့်တယ်။ ရှေ့ဆံပင်လေးတွေက တစ်ချောင်းချင်းလွင့်သွားကြလို့ ကိုကို့နဖူးပြင်လေးမြင်ရအောင် ကန့်လန့်ကာဖွင့်ပေးလိုက်တဲ့အတိုင်း...။
YOU ARE READING
Heartless December ❄️
Romanceနှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင်းရာသီမြင်ကွင်းတွေကြားထဲ 4k resolution နဲ့ ချောင်းကြည့်နိုင်ပါလိ...
