ငါတို့တွေ နှစ်တွေအကြာကြီးချစ်ခဲ့ကြတယ်ဆိုပေမဲ့..
အတူရှိဖို့ကံမပါလာရင်..
ကွဲကြရတာပဲ..
တိမ်စိုင်တစ်ယောက် ထိုနေ့က သူရိန်နှင့် လမ်းခွဲပြီးတော့ မိဘအိမ်ကိုသာ ပြန်လာဖြစ်ခဲ့သည် ။ အမေကတော့ ငိုကြီးချက်မနှင့်ပြန်လာသည့် တိမ်စိုင့်ကို ဘာဖြစ်တာလဲလို့ မေးခဲ့ပေမဲ့ တိမ်စိုင့်ဘက်ကတော့ ဘာမှပြန်မဖြေခဲ့ချေ ။
သူရိန်ရော..အိမ်မှာဆက်ရှိနေလောက်မလား ။
မှန်ထဲကို ခပ်တွေတွေ ငေးကြည့်မိတော့ ဒီရက်ပိုင်း သိသိသာသာ မျက်နှာချောင်ကျသွားခဲ့သည် ။ တစ်စုံတစ် ယောက်ကို မတွေ့မိအောင် ရှောင်ဖယ်နေပေမဲ့ တစ်စုံတစ် ယောက်ကိုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို သွားတွေ့ရပေဦးမည် ၊ ဘာလို့ဆို ကတိပေးထားခဲ့တယ်မဟုတ်လား ၊ တစ်ပတ်လောက် စောင့်ပါလို့လေ..။
ကိုယ်ကြည့်မှန်ရှေ့၌ အင်္ကျီကြယ်သီးကို တိတ်တဆိတ် တပ်နေမိခဲ့ပြီးနောက် လွယ်နေကျဘေးလွယ်အိတ်ကို ကုတင်ပေါ်မှ ဆတ်ခနဲ ဆွဲယူလိုက်ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။
"သား..ဘယ်လဲ.."
"ချိန်းထားတာလေးရှိလို့ အမေ..သားညနေလောက် ပြန်ရောက်မယ်နော်.."
"ဪ..အေး အေး.."
တိမ်စိုင်လည်း ဖိနပ်စင်ပေါ်မှ ရှူးတစ်ရံကို သံမံတလင်းပေါ်သို့ ပစ်ချလိုက်ပြီး ခပ်မြန်မြန်ပင် ကောက်စွတ်လိုက် ကာ အိမ်ထဲမှ ထွက်လာခဲ့လိုက်သည် ။ ထို့နောက် လမ်းထိပ်ဘက်သို့ လျှောက်လာခဲ့ပြီးနောက် ဘေးလွယ်အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ပြီး ခေတ်လေပြည်သွေးဆီသို့ ဖုန်းဆက်လိုက်သည် ။
"ဟယ်လို.."
ဖုန်းတစ်ဖက်တစ်ချက်မှ အိပ်ချင်မူးတူးအသံကြောင့် ခေတ်လေပြည်သွေးတစ်ယောက် အခုထိအိပ်ရာက မထသေးဘူးဆိုတာ သိလိုက်သည် ။ မထသေးဆို လေပြည်တို့ဆေးရုံက သူငယ်ချင်းတစ်ယောက်ဆီက သတင်းကြားလိုက်တာ ၊ လေပြည် အလုပ်ထွက်လိုက်ပြီတဲ့လေ ။
"တိမ်စိုင်..ဘာကိစ္စရှိလို့လဲ.."
မေ့နေခဲ့တာလား ။