Chapter 35

1.5K 54 1
                                    

အနောက်ဟော်နန်းရှိ ဟော်နန်းသခင် စဝ်ဇာဏီထွဋ်ခေါင် လူပျိုဘဝတုန်းက နေထိုင်ခဲ့သည့် သီးသန့်အဆောင်ကျယ်ကြီး၏ နောက်ဘက်ထဲ၌ သူတို့ညီအစ်ကိုနှစ်ယောက် အချိန်တူတူ ကုန်ဆုံးခဲ့ကြရာ တူရိယာမျိုးစုံထားရှိသည့် အဆောင်ကျယ်ကြီး တစ်ခုရှိသည်။

ထိုအဆောင်အား ဇာဏီထွဋ်ခေါင် ရှေးအတွက် စတူဒီယိုခန်းတစ်ခုအဖြစ် ‌ပြောင်းလဲဖန်တီးပေးဖြစ်ခဲ့သည်မှာ သူတို့ အိမ်ထောင်သက် အစောပိုင်းကာလလောက်ကတည်းက ဖြစ်သည်။

တေးရေးဆရာ၊ အဆိုတော်ဖြစ်ချင်သည့် ထိုကလေး၏ အိပ်မက်များက ဆွံ့အသွားချိန်၌ ဝေဝါးသွားသယောင် ရှိခဲ့သော်လည်း ဇာဏီ့၏ အောင်မြင်ကျော်ကြားခဲ့သည့် သီချင်းအများစုက ရှေးကိုယ်တိုင် ရေးပေးခဲ့သည့် သီချင်းများပါ အပါအဝင်ဖြစ်၏။

"သခင် ပြန်လာပြီ"

အိမ်တော်ထိန်းကြီး ဇာဏီ့အား ဆီးကြိုနှုတ်ဆက်လိုက်ရင်း သခင့်၏ Long coat ကို ကူချွတ်ပေးလိုက်ရသည်။

"ရှေးရော၊ သူ နေမကောင်းတာ ဘယ်လိုနေသေးလဲ၊ အစားရော သေချာစားရဲ့လား"

"သခင်ငယ်လေးက စတူဒီယိုခန်းထဲမှာ အသံသွင်းနေတာ။ အခုတလော သခင်ငယ်လေးက ခဏခဏ ဖျားတော့ သခင်မရှိတဲ့အချိန်ဆို အားငယ်စိတ်ဝင်နေတာလား မသိဘူး။ အခုလည်း အိပ်ခိုင်းထားတာကို အသံတွေ ပျောက်သွားမှာစိုးလို့ဆိုပြီး တစ်နေကုန် အဲ့အခန်းထဲက မထွက်ဘူး။ အစားလည်း သေချာမစားပါဘူး"

ဇာဏီ သက်ပြင်းချလိုက်တာကြောင့် အိမ်တော်ထိန်းကြီး သူ့သခင်အား-

"သခင်ရော ဒီ‌နေ့ သက်သာရဲ့လား။ ဒီလူအိုကြီး ပြောတာကို နားထောင်ပါဗျာ။ သခင်တို့နှစ်ယောက်က တူတူဖျားတတ်ကြတာကို သခင်က အခုလို မနားတမ်း အလုပ်လုပ်၊ အဖျားက ရှည်။ သခင် ဖျားနေသရွေ့ သခင်ငယ်လေးက လိုက်ဖျားနေတော့ ဘယ်လို သက်သာကြတော့မှာလဲ"

ဇာဏီတစ်‌ယောက် သူ့အဖေထက်ပင် ဂရုစိုက်သေးသည့် အိမ်တော်ထိန်းကြီး၏ ဆူပူမှုများကို ခပ်ပြုံးပြုံး နားထောင်နေရသည်။ ထို့နောက် ရှေးရှိရာ စတူဒီယိုခန်းဖက်သို့ အစားအသောက်ဗန်းနှင့်အတူ လှမ်းဝင်လာခဲ့တော့၏။

The Loudest Silence [Completed]Where stories live. Discover now