ဇာတ်ပျိုး

545 25 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

နေ့စဥ်ဓူဝကိစ္စအရပ်ရပ် ဖြစ်ပြီးလျှင်ပျက်နေ​သော လက်​တွေ့ကျလှသည့် သည်လောကကြီးထဲတွင် ကျွန်မတို့ ငယ်စဥ်အခါက ဖတ်ခဲ့ ကြားခဲ့ရ​ပါ​သော ဂန္တဝင်ပုံပြင်ကြီးများထဲကလိုများ ငှက်က​လေး​တွေဟာ တကယ်​ရော မြည်တမ်း​​​တေးဆိုခဲ့ပါရဲ့သလား။ ကျွန်မ၏ ဘဝတစ်ဝက်​လောက်အား ထို​မေးခွန်းကို တွေး​တောစဥ်းစားရင်းနှင့်ပင် ရေတွက်မရ​သော စက္ကန့်ပေါင်းကု​ဋေကုဋာ ကုန်ဆုံးခဲ့ရပါသည်။ ကိုယ်ကိုယ်တိုင်လည်း ယင်းစက္ကန့်များအား သပ်သပ်မဲ့ကြီး အချိန်ဖြုန်းခဲ့မိသည်ဟု ထင်ခဲ့၊ထင်ဆဲဖြစ်သည်။

ထိုကဲ့သို့ တွေးကြည့်မည်ဆိုလျှင်တော့ ပုံပြင်ဆန်​​​ပါသော ကြည်လင်​စိမ့်​အေးသည့် စမ်း​ရေများက​​ရော လက်​တွေ့ဘဝ၌ အမှန်တကယ်မစီးဆင်းဘူးလားဟု​မေးနိုင်ဖွယ်ရှိသည်။

ကျေးငှက်များ သီချင်းဆို​ပါသည်ဟူသော အဖြစ်အပျက်အား အယူအဆအလွဲအမှားတစ်ခု သို့မဟုတ် ဇာတ်ကွက်တစ်ခုဟု ငြင်းခုန်နေဦး​တော့။ စမ်းကျ​ရေများ ရေရှင်အ​နေဖြင့်ဖြစ်​စေ၊ သဘာဝတရားကြီး​ကြောင့်ဖြစ်​စေ ကျောက်စရစ်တုံးကြီး၊ တုံးငယ်များစွာအား ဖြတ်သန်စီးဆင်းရခြင်းကိုတော့ လက်ခံရမည်ဖြစ်သည်။

အ​ကြောင်းအရာတိုင်းတွင် အလုံးစုံပုံအပ်ယုံကြည်နိုင်သည့် နှုန်းသည် အမြဲလိုလို ထက်ဝက်ပိုင်းဝန်းကျင်ရာခိုင်နှုန်းသာရှိသည်။ အနည်းငယ်မှန်ကန်သည့်အချက်အလက်ရှိသလို အနည်းငယ်မှားယွင်း​နေတာမျိုးလည်း ရှိ​နေနိုင်သည်။

ထိုကဲ့သို့သော အရာရာတသတ်မတ်တည်းရှိမနေခြင်းကိုသာ တကယ့်ဘဝအစစ်အမှန်ဟု ကျွန်မယူဆပါသည်။

[ ၂၀၂၃ခုနှစ်၊ နွေ ]

မြို့ကြီးပြကြီးများ၌ နွေရာသီရောက်လာခြင်းတွင် ဥတုအ​နေအထား​ကြောင့် လူတိုင်းလိုလို လွန်ကဲစွာ ပူအိုက်​နေကြရသည်။ ထိုအပူအား နှစ်ဆင့်ထပ်​၍ အားဖြည့်​​တောက်​လောင်​ပေးနေသည်မှာ​တော့ မြို့လယ်​ခေါင်​ရှိ ကူးလူးသွားလာ​နေကြ​သော လူ​ပေါင်းများစွာ၏ မျက်နှာ​ပေါ်မှ သောကပူများပင်ဖြစ်​လေသည်။
ယင်းကဲ့သို့​သော ပူပင်မှုများကို​တော့ ​လေ​အေး​ပေးစက်မှထွက်လာ​သည့် ခပ်စိမ့်စိမ့် လေ​​အေးများကလည်း ကူကယ်နိုင်မည်မဟုတ်၊ ​​စျေးကြီးလှ​ပါပေ့ဟူ​သော ကော်ဖီ​အေးတစ်ခွက်ကလည်း ငြိမ်း​အေးမသွား​စေနိုင်ပါ။

𝗇𝗂𝖼𝖾 𝖽𝗋𝖾𝖺𝗆 & 𝗂𝖼𝖾-𝖼𝗋𝖾𝖺𝗆𝗌Where stories live. Discover now