321+322+323+324+325

400 20 0
                                    

အပိုင်း(၃၂၁)

သုံးနှစ်သဘောတူညီချက်(၅)

လုယင်းလည်း မျက်မှောင်ကြုတ် လိုက်ပြီး အေးတိအေးစက် ပြန်ဖြေလိုက်တယ်။
“မင်းက ဒီအကြောင်းကို မေ့နေတာလို့တော့ ငါ့ကို မပြောနဲ့”
ရုန်အကြီးအကဲလည်း အချိန်အကြာကြီး တွေးတော လိုက်တယ်။
“ငါတို့တွေ ၃နှစ်တစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးကို မကျင်းပရသေးဘူး မလား။ သမားတော် အဖွဲ့အစည်းက အမြဲတမ်း ၃နှစ်တစ်ကြိမ် အစည်းအဝေး ကျင်းပတယ်။ အဲဒီအချိန်ရောက်ရင် သမားတော်တိုင်း အစည်းအဝေးကို တက်ရောက် ရတယ်။ ဒါ့ပြင် ကံကောင်းတယ်လို့ ပြောရမလား။ ဒီကောင်မလေးက သမားတော် တစ်ယောက်ပဲ။ အဲဒီအချိန် ရောက်လာမှ မင်းနဲ့ ယွမ်မိသားစု ကြားက အမုန်း အာဃာတကို ဖြေရှင်းလို့ ရနိုင်တာပဲ”
ဒီအကြောင်းကို ပြောပြီးတာနဲ့  ရုန်အကြီးအကဲလည်း သူ့အသံကို ရပ်တန့်လိုက်တယ်။
“အခုအချိန်မှာ ယွမ်မိသားစုကို ထိခိုက်အောင် ပြုလုပ်ဖို့ စိတ်အား ထက်သန်နေတယ် ဆိုရင်တော့  ငါ မင်းနဲ့ တိုက်ခိုက်ရုံသာ တတ်နိုင်တော့တယ်။ ဘာပဲဖြစ်ဖြစ် သမားတော် အဖွဲ့အစည်းက စည်းမျဉ်းကို မပြောင်းလဲဘူး။ ဆေးမြို့တော်ရဲ့ သခင်မလေးက အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ တပည့်ဖြစ်နေလည်း မောင်းထုတ်ခံရမယ့် ကံတရားကို မပြောင်းလဲနိုင်ပါဘူး”
“အကြီးအကဲ လုယင်း”
ယွမ်လော့ဖုန်း ကန်တာကို ခံလိုက်ရတဲ့ အဘိုးအိုက အလျင်အမြန် မတ်တတ် ထရပ်လိုက်ပြီး လုယင်း ဘေးနားမှာ ရပ်လိုက်တယ်။ သူ့မျက်နှာထားက စိုးရိမ် ကြောင့်ကြမှုများဖြင့် ပြည့်နှက် နေလေရဲ့။
“ပြန်မယ်”
နောက်ဆုံးတော့ လုယင်းက ရုန်အကြီးအကဲ စကားကို နာခံလိုက်တယ်။ သူ့အင်္ကျီလက်ကို အသာအယာ ပုတ်လိုက်ပြီး သူထွက်မသွားခင်မှာ ယွမ်လော့ဖုန်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။
“ကောင်မလေး.. မင်းကို သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ အစည်းအဝေးပွဲမှာ စောင့်နေမယ်။ အသက်ရှင်လျက် ငါ့ကို လာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်”
ယွမ်လော့ဖုန်းလည်း သူမ မျက်ခုံးကို ပင့်တင်လိုက်ပြီး …
“ကျွန်မ ရှင့်ကို စကားတစ်ခွန်း လက်ဆောင် ပေးလိုက်မယ်။ အဲဒီအချိန် မတိုင်ခင် ရှင်မသေဖို့ မျှော်လင့်တယ်”
“ဟား…”
လုယင်းလည်း အက်ကွဲသော အသံဖြင့် အော်ရယ် လိုက်တယ်။
“ငါ့ကိုယ်ငါ ထပ်ပြောသင့်တယ် ထင်တယ်။ လူတစ်ယောက်က အရမ်းကို ဂုဏ်မောက်လွန်းတာ မကောင်းဘူးလို့”
ဒီစကားကို ပြောပြီးသည်နဲ့ သူ ဘာစကားမှ ဆက်ပြော မနေတော့ဘဲ  သူ့အိုမင်း ရင့်ရော်နေတဲ့ ပုံရိပ်က လူအုပ်အတွင်းမှ အလျင်အမြန် ပျောက်ကွယ် သွားခဲ့တယ်။
ဆေးမြို့တော်မှ တခြားလူများလည်း လုယင်း ခြေလှမ်းနောက်သို့ အမီလိုက်ကာ ထွက်ခွာ သွားခဲ့တယ်။ ထွက်ခွာသွားတဲ့ ပုံရိပ်များကို ကြည့်ရင်း  ပိုပြီးတော့ စွမ်းအား ကြီးမားတဲ့ လူတစ်ယောက် ဖြစ်ချင်တဲ့ ခံယူချက်များက ယွမ်လော့ဖုန်းရဲ့ နှလုံးသားထဲမှာ ပိုပြီးတော့ နက်ရှိုင်း လာရတယ်။ မင်းက ဘယ်လိုပဲ သန်မာပြီး စွမ်းအား ကြီးမားတဲ့ လူတစ်ယောက် ဖြစ်နေပါစေ။ အမြဲတမ်း မင်းထက် သာလွန်တဲ့ တစ်စုံတစ်ယောက် ရှိနေတယ်။ လုံယွမ်တိုင်းပြည် အတွင်းမှာတော့ သူမက စွမ်းအား အကြီးမားဆုံးလို့ ယူဆလို့ရတယ်။ ကျယ်ပြောလှတဲ့ ကုန်းမြေစုမှာ သူမထက် သာလွန်တဲ့ စွမ်းအား ကြီးမားသူက မရေမတွက် နိုင်အောင် ပေါများတယ်။
လုံလုံလောက်လောက် စွမ်းအား ကြီးမားမှသာ တခြား လူများကို ဖိနှိပ် ချုပ်ကိုင်နိုင်မယ်။ 
“စောနက ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထွက်ခွာသွားတဲ့ လူများကို ငေးကြည့်နေရာမှ ဒီနေရာကို အပြေးအလွှား ရောက်လာပေးတဲ့ နင်အကြီးအကဲနဲ့ ရုန်အကြီးအကဲ ဘက်သို့ လှည့်ကာ ကျေးဇူးတင်စကား ပြောလိုက်တယ်။
အကြီးအကဲနင်က ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
“တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းအတွင်း လုံယွမ်တိုင်းပြည်မှာ ရှိနေခဲ့လို့။ ယွမ်မိသားစုရဲ့ သတင်းက ကျုပ်နားအထိ ပြန့်လာလို့ပေါ့။ ဆေးမြို့တော်က လူတွေ ယွမ်မိသားစုကို ပြဿနာ လာရှာမှာ စိုးရိမ်နေရတာ။ ဒါကြောင့် ဒီနေရာကို အလျင်အမြန် ပြေးလာလိုက်ရတာ။ စကားမစပ်… ရုန်အကြီးအကဲ ယွမ်အိမ်တော်နဲ့ မင်းနဲ့က ပိုနီးပါတယ်။ ဒါပေမဲ့ မင်းက ဘာကြောင့် ကျုပ်လောက် မမြန်ရတာလဲ”
ရုန်အကြီးအကဲလည်း ကသိကအောက်နဲ့ ပြုံးလိုက်တယ်။
“ဒါက…”
အဘိုးအိုရဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာ အမူအရာကို ကြည့်ရင်း နင်အကြီးအကဲမှာ စနောက်ချင်စိတ်ကို ထိန်းမရပေ။
“ကောင်မလေးတွေနဲ့ ပျော်ပါးနေတာ မလား။ ဒါကြောင့် ဒီနေရာကို နောက်ကျမှ ရောက်တာမလား”
“ကောင်မလေးတွေနဲ့ ပျော်ပါးတာ မဟုတ်ရပါဘူးဟာ။ သူငယ်ချင်းဟောင်းနဲ့ နှလုံးသားချင်း ဖလှယ်ရင်း စကားပြော နေတာပါ။ စကားပြောရုံလေးပါ”
“မင်း တစ်ကိုယ်လုံးက ပါးနီအနံ့တွေ နံတယ်။ ဒါကြောင့် မင်းတို့က အိပ်ရာထဲမှာ နှလုံးသားချင်း ဖလှယ်နေတာ မလား”
“ဟီးဟီး”
ယွမ်လော့ဖုန်းလည်း တခစ်ခစ် ရယ်မော လိုက်တယ်။ သိပ်မကြာခင်မှာ အဘိုးအိုရဲ့ အကြည့်က သူမ ရှိရာသို့ ကျရောက် လာခဲ့တယ်။ သူမ အပြုံးကို ပြန်လည် ထိန်းချုပ်လိုက်ရင်း
“ရုန်အကြီးအကဲက ဒီအသက်အရွယ် ရောက်နေသော်လည်း ကျန်းမာ သန်စွမ်းပြီး သန်တုန်း မြန်တုန်းပဲနော်။ မထင်ထားမိဘူး။ အကြီးအကဲ နှစ်ယောက် စကားဆက်ပြော နိုင်ပါတယ်”
ရုန်အကြီးအကဲ မျက်နှာအရောင်က မည်းမှောင်သွားခဲ့ပြီး အတော်လေး ရှက်နေမိပုံရတယ်။ သူပုန်းနေနိုင်ဖို့ တွင်းတစ်တွင်း ရှာတွေ့ဖို့ ဆုတောင်း နေမိတယ်။
“ယွမ်မိန်းကလေး … တခြား ဖြေရှင်းစရာ ကိစ္စ မရှိတော့ဘူး မလား”
ရုန်အကြီးအကဲက မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ ကျင်းလင်းကို ကြည့်ကာ ခေါင်းစဉ် ပြောင်းရန် ကြိုးစား နေတယ်။
ခေတ်နောက်ကျတဲ့ အဘိုးကြီး… မင်းက ဒီလိုစကားမျိုးကို ယွမ်မိန်းကလေးရှေ့မှာ ပြောရဲတယ်ပေါ့။ နောင်ဆို ရှက်လွန်းလို့ ဘယ်လို ရင်ဆိုင်ရမလဲ။ ဒီနေရာမှာ လုံယွမ်တိုင်းသူ ပြည်သား အများအပြား ရှိနေသေးတယ်။ သူ့ကို အဆုံးစွန်းအထိ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်လိုက်တာပဲ။
ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျင်းလင်းတစ်ယောက် ရုန်အကြီးအကဲက စကားဝိုင်း ခေါင်းစဉ်ကို သူ့ဘက် လှည့်လိုက်တာကို ကြားရတော့ သူ့ခန္ဓာကိုယ်က တောင့်တင်း သွားရတယ်။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now