စာစဉ်(၁၇) 398+399+400

580 21 0
                                    

အပိုင်း(၃၉၈)

ရှောင်လင်း၏အကြံအစည်(၃)

 
ဒါပေမဲ့ လင်းလောပိုင်လေးက အရှေ့တည့်တည့်ကို မကြည့်ရဲရှာဘူး။ ယွမ်လော့ဖုန်းကို တင်းကျပ်စွာ ဖက်ထားသည့် အမျိုးသားလေး၏ မျက်ဝန်းများက အရမ်းကို ကြောက်လန့်ဖို့ ကောင်းလှပါသည်။ သူ့ပုံစံက သေမင်းကဲ့သို့ စာနာစိတ်ကင်းမဲ့ လွန်းပါသည်။ သူ့အကြည့်ကြောင့် သူမ၏ နှလုံးသားလေး အသက်ရှူဖို့ မေ့လျော့မှု နီးပါးပါပဲ။
“ယွမ်ရှောင်… ကလေးမလေးကို မခြောက်လှန့်ပါနဲ့”
ယွမ်လော့ဖုန်းလည်း တုန်နေသော လင်းလောပိုင်၏ ခန္ဓာကိုယ်လေးကို ကြည့်နေရင်း သူမ မျက်ခုံးလေးကို ပင့်ကာ လှပသော အပြုံးလေး ပြုံးလိုက်သည်။
သူမစကားကို ကြားတော့ ယွမ်ရှောင်လည်း ကလေးမလေးကို ဆက်ပြီးတော့ ကြည့်မနေတော့ဘဲ အကြည့်လွှဲလိုက်သည်။ ချက်ချင်းဆိုသလိုပဲ လင်းလောပိုင်လည်း သူမ၏နှလုံးသားလေး ချက်ချင်း စိတ်သက်သာရာ ရသလို ခံစား သွားရပြီး သူမ  ပတ်ဝန်းကျင်မှ ချမ်းစိမ့်စိမ့် လေအေးများ ပျောက်ကွယ်သွားရ၏။
“ဆရာ…”
လင်းလောပိုင်လည်း ယွမ်လော့ဖုန်း၏ အင်္ကျီရှည်လေးကို လက်နဲ့ဆွဲကိုင်လိုက်ပြီး ဝမ်းနည်း ကြေကွဲနေသော လေသံဖြင့် ပြောလိုက်သည်။
“လွန်ခဲ့သော အချိန်ပိုင်းလောက်က ဆရာ တစ်စုံတစ်ရာကို မေ့လျော့နေခဲ့တယ် ဆိုတာ သတိထား မိရဲ့လား”
ယွမ်လော့ဖုန်းလည်း ရိုးသား ပွင့်လင်းစွာ ပြန်ဖြေလိုက်၏။
“အစကတော့ ဆရာ… တပည့်လေးကို မေ့ခဲ့ပါတယ်… နောက်မှ ပြန် သတိရသွားတယ်၊  ဒါပေမဲ့ တပည့်လေး ရှောင်မိသားစု အိမ်တော်ကို လာဖို့ လမ်းရှာနိုင်မယ်လို့ ယုံကြည်တာကြောင့် ဆရာ… တပည့်လေးကို လိုက်မရှာတော့တာ”
“ဆရာ”
လင်းလောပိုင်၏ မျက်ဝန်းများက ပို၍ သနားစဖွယ်ကောင်းသည့် ပုံစံသို့ ပြောင်းလဲသွားသည်။ ယွမ်လော့ဖုန်းကို သနားစဖွယ် အကြည့်လေးဖြင့် ကြည့်လာတော့၏။
“သက်ရှိ လူသားလေး ဖြစ်တဲ့ တပည့်ကို ဆရာက မေ့လျော့သွား ရက်တယ်ပေါ့… တပည့်ကို မောင်းထုတ်ချင်နေပြီလား… ဆရာ့ချစ်သူက အရမ်းကို နှစ်လိုဖွယ် ကောင်းနေလို့လား”
တပည့်ပျောက်သွားတာကို ရှာရကောင်းမှန်း ဆရာတစ်ယောက်ကို သူမ ပထမဆုံး အကြိမ် တွေ့ဖူးခဲ့တာပဲ။
ယွမ်လော့ဖုန်းလည်း အလေးအနက် စဉ်းစား တွေးခေါ်လိုက်၏။
“ဟုတ်ပါတယ်… သူက တကယ်လည်း နှစ်လိုဖွယ် ကောင်းပါတယ် သူနဲ့သာ အတူတူ ရှိနေမယ်ဆိုရင်  တပည့် အကြောင်းကို လုံးဝ မေ့သွားရတယ်”
သူမ၏ ပွင့်လင်းသော စကားကို ကြားရတော့ လင်းလောပိုင်လေးမှာ ငိုမဲ့မဲ့ ဖြစ်လာရသည်။ သူမလေးမှာ အရသာရှိသော အစားအသောက်များလည်း ဆုံးရှုံးခဲ့ရပြီး … သူမ ဆရာ ဖြစ်သူကလည်း သူမကို စွန့်ပစ်သွားလေတော့…။
“ဒါနဲ့ စကားမစပ်”
ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ်ပြီး လင်းလောပိုင်ဘက် လှည့်ကာ မေးလိုက်သည်။
“တပည့်လေး ရှောင်အိမ်တော်ကို ဝင်တဲ့ အချိန်က တစ်ယောက်ယောက်များ မတားဆီးဘူးလား”
လင်းလောပိုင်လည်း သူမ၏ နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်သည်။
“တပည့်… ရှောင်အဘိုးကြီးရဲ့ မုတ်ဆိတ်နဲ့ အဝတ်အစား အားလုံးကို မီးရှို့ပြီး အဝတ်ဗလာနဲ့ အဘိုးကြီးကို လမ်းမပေါ် လွှင့်ပစ်ထားလိုက်တယ်၊ ဆရာ… တပည့်  ပြဿနာ ရှာမိပြီလား”
တွေးကြည့်လိုက်မှ သူမ၏ အပြုအမူက ယွမ်လော့ဖုန်းကို ဒုက္ခပေးမိသလို ဖြစ်နေမလားလို့ စဉ်းစားမိသည်။ သူမတို့ကို ကူညီဖို့ စစ်သည်ရဲမက်တွေ ပို့ပေးဖို့ ဖေဖေကို အကြောင်း ကြားရမည်။ ဒါမှ ရှောင်မိသားစုက သူမတို့ကို ထပ်ပြီးတော့ မခြိမ်းခြောက်ရဲမှာလေ။
“အရမ်းတော်တယ်”
ယွမ်လော့ဖုန်းလည်း လင်းလောပိုင်၏ ခေါင်းလေးကို ပုတ်ပြီးတော့ ပြောလိုက်သည်။
“ဒီနေ့ လုပ်ဆောင်ချက်ကို ဆရာ သဘောကျ နှစ်ခြိုက်တယ် ဒါကြောင့် တပည့်လေးကို နောက်တစ်ခေါက် ထပ်မထားခဲ့တော့ဘူးလို့ ကတိပေးတယ်”
“တကယ် ဟုတ်လို့လား”
လင်းလောပိုင်လည်း မယုံသင်္ကာ လေသံဖြင့် မေးလိုက်၏။
တပည့်ထက် ချစ်သူကို ပိုပြီးတော့ တန်ဖိုးထားသည့် ဆရာကို သူမ ယုံကြည်နိုင်ရဲ့လား။ 
“မစိုးရိမ်ပါနဲ့… ဆရာက ကတိတည်ပါတယ်၊ ဒါပေမဲ့ ဆရာ မေးစရာ တစ်ခုတော့ ရှိတယ်… တပည့် ရှောင်လင်းကို မီးရှို့တဲ့ အချိန်က တပည့်ကို ထိခိုက် စေသွားတာလား”
လင်းလောပိုင်က အရည်အချင်း ရှိသည် ဆိုတိုင်း ကမ္ဘာမြေကြီး အလယ်အလတ် အဆင့် ဖြစ်နေသည့် ရှောင်လင်း၏ ပြိုင်ဘက်တော့ ဖြစ်မလာနိုင်။  သူမက ရှောင်လင်းကို ထိခိုက်အောင် လုပ်ဆောင် ပြီးသည့်တိုင် သူမ ထိခိုက် ဒဏ်ရာ မရဘဲ ရှောင်မိသားစုကို ဝင်နိုင်တာ အံ့သြမိတာပေါ့။
ယွမ်လော့ဖုန်း၏ မေးခွန်းကြောင့် လင်းလောပိုင်လည်း ပဟေဠိဆန်ဆန် ပြုံးလိုက်သည်။
“ကျွန်မမှာ ကူညီပေးတဲ့လူ ရှိနေတယ်လေ”
အဘိုးဝေ့က အကူအညီ ကောင်းပေးတဲ့ လူတစ်ယောက်ဆိုတာ ဝန်ခံရမယ်။ သူမ ရှောင်လင်းကို နှိပ်စက် အနိုင်ကျင့်ခြင်းတယ် ဆိုရင် အဘိုးဝေ့ကို ပြောလိုက်ရုံနဲ့ နောက်တစ်ကြိမ်ဆိုတာ ဖြစ်လာနိုင်သည်။
သူမအဖြေကြောင့် ယွမ်လော့ဖုန်းလည်း ဘာကိုမှ ဆက်မမေးတော့ဘဲ အမျိုးသားလေး၏ ခန္ဓာကိုယ်ကို  မှီထားလိုက်သည်။ သူမနှုတ်ခမ်းထောင့်များကို လေးတိလေးတွဲ့ မြှင့်တင်လိုက်ပြီး
“ရှောင်ပိုင်… မင်း ဇာစ်မြစ်က ဘာပဲဖြစ်ဖြစ် မင်းက ငါ့တပည့် ဖြစ်လာပြီ ဆိုကတည်းက ဆရာ စကားကို နာခံရမယ် ဒါကို နားလည် သဘောပေါက်ရဲ့လား”
“ဆရာပြောတဲ့ စကားတိုင်းကို တပည့်နာခံပါ့မယ်”
လင်းလောပိုင်လည်း မြန်မြန်ဆန်ဆန် မတ်တတ် ထရပ်လိုက်ပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။
“နောက်တစ်ကြိမ် တပည့်ကို မထားခဲ့သ၍ ဆရာပေးတဲ့ အမိန့်တိုင်းကို နာခံပါ့မယ်”
“ကောင်းပြီ ဒီကနေ့ ပြောတာကို မှတ်ထားလိုက်”
ယွမ်လော့ဖုန်းလည်း ဖြည်းဖြည်းချင်း မတ်တတ် ထရပ်လိုက်ပြီး လင်းလောပိုင်ကို ကျီစယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“နောက်ကျနေပြီ… အနားယူဖို့ အခန်း တစ်ခန်းရှာ… ဆရာကို လာမနှောင့်ယှက်နဲ့”
လင်းလောပိုင်လည်း မျက်မှောင်ကြုတ် လိုက်သည်။ ဆရာက တကယ်ပဲ တပည့်ထက် ချစ်သူကို ပိုပြီး အလေးထားတာပါလား။ သူ့ချစ်သူကို ရှာတွေ့သွား ကတည်းက ဆရာက သူမကို တတိယလူအဖြစ် ဆက်ဆံတယ်။
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၂၀၁ မှ ၄၀၀)Where stories live. Discover now