28

69 9 0
                                    

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၂၈
(တိုင်ကြားလွှာ)

နောက်တစ်နေ့ မနက်အစောပိုင်းတွင်ကား မြူခိုးများမှာ ဝေ့ဝဲရစ်ပတ်လျက်ရှိပြီး မိုး လည်း တစ်ဖျောက်ဖျောက် ရွာသွန်းလျက်ပင် ရှိသေးလေသည်။ မျက်နှာဖြူဖြူနှင့် ဝူကျိမှာ စစ်သူကြီးရုံးတော်ရှေ့တွင်ထိုင်လျက် မြို့တော်ဝန်စံအိမ်ရှိရာအရပ်သို့ မျက်နှာမူ၍ ခေါင်းပြူကာ ခိုးကြည့်နေသည်။ သူ့လက်ထဲတွင် ဆန်ပြုတ်တစ်ခွက်နှင့် အဆာသွပ်မုန့် များကိုင်ထားပြီး မျက်နှာပေါ်တွင်က ပြီတီတီအပြုံးတစ်ခုရှိလေသည်။

ဆန်ပြုတ်ကို တစ်လုတ်စီသောက်လျက်၊ အဆာသွပ်မုန့်ကို ဖြည်းဖြည်းစီ ဝါးလျက် သူထိုင်နေသည်။ မြို့တော်ဝင်စံအိမ်အစောင့်များနှင့် အစေခံများမှာသူ့ကို ဤသို့မကြာခဏတွေ့ဖူးကြရကား မည်သူမှသူ့ကို အာရုံစိုက်မနေကြချေ။ အများဆုံး ယီမိသားစုမှ အစေခံတချို့ကသာ သူ့အား ဘယ်လို ပြုမူနေထိုင်ရမှန်း မသိသည့်၊ မနက်စာစားသည့် အချိန်မှာတောင် ဖင်ချထိုင်ရကောင်းမှန်းမသိသည့် တောသားအရိုင်းအစိုင်းဟု သူ့ကွယ်ရာတွင် အတင်းတုတ်ကြလေသည်။ ထို့အပြင် သူ့သခင်ဖြစ်သူ လုချန်ဖန်းကိုတောင် မကောင်းသည့် အကျင့်ဆိုးများ ဒင်းကသင်ပေးထားသည့်ပုံပေါ်သည်။

မနက်ခင်းလေညှင်းက အဝတ်အစားများတွင် သုံးသည့် ထင်းရှူးရနံ့တစ်ခုကို သယ်ဆောင်လာလေသည်။ ထိုရနံ့မှာ လုချန်ဖန်းဆီမှ ဖြစ်သည်။ ဆန်ပြုတ်ပန်းကန်လုံးကို လက်တစ်ဖက်ဖြင့် ကိုင်လျက် အဆာသွပ်မုန့်တစ်ခုကို ပါးစပ်ဖြင့်ကိုက်ကာ ဝူကျိအနားသို့ လျှောက်လာပြီး တံခါးခုံပေါ်တွင် သူထိုင်ချလိုက်လေသည်။

မြို့တော်ဝန်စံအိမ်ဘက်သို့ ခေါင်းပြူကြည့်ကာ ဝူကျိကို လုချန်ဖန်း ခပ်တိုးတိုးမေးလိုက်သည်။

“ဒီနေ့ ဘာပွဲတုန်း...”

ဆန်ပြုတ်ကို တစ်လုတ်သောက်ကာ ဝူကျိ ခပ်ဝါးဝါး ပြန်ဖြေလိုက်၏။

“ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ... ဒီမှာ ထိုင်နေကြမလို့ထိုင်နေတာ...”
သူ့စကားလုံးများ မဆုံးမီမှာပင် မျက်နှာဖြူရော်ရော်နှင့် ဘဏ္ဍာတိုက်အစောင့်များ အရူးတစ်ပိုင်း ပြေးလွှားနေကြသည်ကို တွေ့လိုက်ကြသည်။ ထိုယောကျ်ားများမှာ တစ္ဆေသရဲတစ်ကောင်ကို တွေ့လာသကဲ့သို့ အရှေ့ကိုမှ မကြည့်ဘဲ ပြေးလွှားနေကြ၏။ ရလာဒ်အနေနှင့် ထိုလူများမှာ လှေကားထစ်အနားသို့ ရောက်သည့်အခါ တစ်ချိန်တည်းချော်လဲကုန်ကြပြီး တစ်သီတစ်တန်းကြီး မြေပေါ် ပြုတ်ကျကုန်ကြလေသည်။

သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီWhere stories live. Discover now