86

42 7 0
                                    

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၈၆
(ဂိုဏ်း)

ဓားအလင်းတန်း လေးခုသည် အထပ်မှ နီးကပ်လာကြ၏။ ခေါင်းကိုမော့၍ သူတို့ကို ဝူကျိ တအံ့တဩကြည့်နေမိသည်။ ဒီလူငယ် လေးယောက်၏ ဝံ့ဝံ့ကြွားကြွားအမူအရာကြောင့် သူတို့တွင် အတော်လေးသန်မာသည့် ကျင့်ကြံခြင်းရှိလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ထိုဓားအလင်းတန်းများကို ကြည့်သည့်အခါ သိပ်စွမ်းအားရှိကြပုံမပေါ်ချေ။ ဓားအလင်းတန်းတစ်ခုစီသည် ပေအနည်းငယ်သာရှည်ကြသည်။ ထို့အပြင် အလင်းတန်းများ ကောင်းကင်တွင် လျှပ်တပြက်သွားသော အလျင်မှာလည်း သူ့၏ ပဲ့ကိုင်ခြင်းနည်းလမ်းထပ်ပင် ပို၍နှေးနေသေးသည်။

‘ဟင်း… တိုက်ချင်တယ်ဆိုလည်း တိုက်တာပေါ့’

ကျိမြို့တော်တွင် ရက်ပေါင်းများစွာ ဖြတ်သန်းပြီးသည့်အခါ အင်မော်တယ်ဂိုဏ်း ဆယ့်သုံးဂိုဏ်းအကြောင်း ဝူကျိ သိနိုင်သလောက် တော်တော်များများ သိလာခဲ့သည်။ ပညာသင်များနှင့် တပည့်များ တိုက်ခိုက်ကြပါလျှင် ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးခြင်းမခံရရုံသာမက စီနီယာများကပါ မြှောက်ပေးကြလေသည်။ အဆိပ်ခတ်နေခြင်း ခြုံခိုတိုက်ခိုက်ခြင်းမျိုးမှ မဟုတ်ပါလျှင် တိုက်ပွဲအတွင်း တခြားပညာသင်များကို သတ်မိလျှင်တောင် ဂိုဏ်းက အပြစ်ပေးမည်မဟုတ်ချေ။

ဝူကျိ  လှောင်ရယ်မိတော့၏။ ဒီလူတွေ ဘယ်လိုနောက်ခံရှိကြမလဲဟု ချင့်ချိန်စဉ်းစားရန် သူပျင်းလှသည်။ ကိုယ်လေးကိုယိမ်းကာ ဓားအလင်း လေးခုကို ရှောင်တိမ်းလိုက်ပြီး လူငယ်လေးယောက်ဆီသို့ သူပြေးဝင်သွားလိုက်သည်။ အဆက်မပြတ်ခြိမ်းသည့် မိုးခြိမ်းသံများလို လူငယ်လေးယောက်၏ ဂွကြားနေရာများအား တဂျိမ်းဂျိမ်း သူကန်ချလိုက်၏။ ထိုလူငယ်လေးယောက်ထဲမှ တစ်ယောက်သည် အသက်ရှူခြင်းအလွှာ ကျင့်ကြံခြင်းအဆင့်ရှိ၍ ကျန်သုံးယောက်ကတော့ စုစုပေါင်းပါမှ ဟိုထျန်းထိပ်ဆုံးအဆင့်သာရှိလေသည်။ သို့သော် သူတို့ မည်သို့သောကျင့်ကြံခြင်းလမ်းစဉ်ကို ကျင့်ကြံကြသည်ဖြစ်ပါစေ ယခုဝူကျိ ကန်လိုက်သည့်နေရာမှာ ယောကျာ်းတိုင်း၏ အားအနည်းဆုံး ပဓာနနေရာပင် ဖြစ်သည်။

သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီWhere stories live. Discover now