unicode
ကပြားကောင်အိမ်ကြပြန်လာပြီး နောက်တစ်နေ့တွင် သူ့အင်္ကျီတွေကို ပြန်ပေးသွားပေးဖို့စိတ်ကူးသေးပေမယ့် နောက်တစ်နေ့ရောက်တော့ ဖျားသွားတဲ့ သူကိုယ်တိုင်ကြောင့်ရော မခြောက်သေးတဲ့ အ၀တ်တွေကြောင့်ရော သွားမပေးဖြစ်ခဲ့ချေ ။အစ်ကိုဖြစ်သူကိုလည်း သူနဲ့ကပြားကောင်ရဲ့ဆက်ဆံရေးမှာ အဆင်တောင်ပြေမနေသည်ကြောင့် ပေါက်ကရတွေလျှောက်မထင်ဖို့ပြောထားရသေးသည် ။
ထင်မထားစွာရောက်ချလာတဲ့အစ်ကိုဖြစ်သူကြောင့် သူတော်တော်လေးကမောက်ကမဖြစ်သွားတာတော့ မညာဝံ့ ။ အဘယ်ကြောင့်ဆို သူ့အစ်ကိုကတော်တော်လေးဇီဇာကြောင်ပြီး လူပျိုကြီးဆိုသည့်အတိုင်း ပြောရဆိုရလက်ပေါက်ကပ်သေးသည် ။ သို့ပေမယ့်လည်း သူကငယ်စဉ်ကတည်းကကျင့်သားရနေတာဖြစ်၍ သိပ်တော့မထူးဆန်းတော့။
တစ်ရက်ကျော်သွားပြီးသည့်နောက်တွင်တော့ သူလည်းအဖျားမရှိတော့သလို ကပြားကောင်ရဲ့ အ၀တ်တွေလည်းခြောက်သွားပြီဖြစ်တာကြောင့် မီးပူပင်သေချာတိုက်ပေးပြီး အိတ်တစ်အိတ်နဲ့ထည့်ကာ ပြန်သွားပေးဖို့လုပ်ရတော့သည် ။အင်္ကျီတစ်စုံအတွက်နဲ့ အတင်းဖြစ်ပျက်ပြခဲ့သေးတဲ့ အဲ့မျက်နှာကြီးကိုလည်း ရှုံ့တွသွားအောင်တစ်ခုခုပြောပစ်ခဲ့ဦးမည် ။
မှန်ရှေ့တွင်ရပ်ကာ ဆံပင်ကိုသေချာဖြှီးလိုက်ပြီး ရေမွှေးခပ်သင်းသင်းလေးကို လည်ပင်းနဲ့ လက်ကောက်၀တ်မှာ စွတ်လိုက်သည် ။ရှပ်အင်္ကျီလက်တိုကြက်သွေးရောင်လေးကို အနက်ရောင်စတိုင်ပန့်နှင့်တွင်၀တ်ထားတာကြောင့်အသားအရေ၀င်းလတ်တဲ့ထယ်ဟျောင်းက တစ်မျိုးလေးကြည့်ကောင်းနေပြန်သည်။
အ၀တ်ပဲပြန်သွားပေးဖို့မဟုတ်ဘဲ ကလေးကိုစာသင်ပြရမယ့် ကိစ္စကိုပါ မေးသင့်မြန်းသင့်တာတွေရှိသေးတာကြောင့် တရိုတသေတန်အောင်တော့ သူ့ဘက်ကနေရမည်လေ။ ထိုကပြားကောင်ကတော့ သူ့ကိုရိုသေမည်မဟုတ်ပေမယ့်လို့ပေါ့ ။
ထို့အပြင် အဲ့ကပြန်သည်နှင့် ဂျန်အွန်းကိုစာသင်ဖို့တန်း၀င်ရမည်ဖြစ်သည် ။အချိန်တော့ သိပ်မရပေမယ့် ဘယ်လောက်မှလည်းမကြာလောက်ပါလေ ။ ထိုကပြားကောင် အကန်တွေချည်းမပြောဖို့သာ ဆုတောင်းသည် ။
