Ep - 9 { Uni & Zawgyi }

9.2K 367 37
                                    

16.Aug.2023

Unicode

ဖြူလေးသည် ကားပေါ်ရောက်တာနဲ့ ဇာတ်လမ်းစ,လာပါတော့သည်။

“ကိုကိုက ဘာလို့ လဝန်းရိပ်အတွက် အဲ့လောက် ပိုက်ဆံတွေ သုံးနေရတာလဲ”

“အဲ့ဒါပြောတာလေ၊ အဲ့ဟာမကိုများ ဖုန်းတစ်လုံး သိန်းနှစ်ဆယ်ကျော်သုံးပြီး ဝယ်ပေးစရာလား”

တကယ်တော့ ကိုကြီးက လဝန်းရိပ်ကို စင်္ကာပူမှာတောင် ကျောင်းထားပေးတာပဲ၊ သိန်းနှစ်ဆယ်ကျော်သုံးပြီး ဖုန်းဝယ်ပေးတာတော့ မပြောပလောက်ပါလေ။

“ဖြူလေးမွေးနေ့တုန်းကတောင် သုံးသိန်းတန် နာရီလေးပဲ ပေးတာ၊ ကိုပြည့်ကိုကော ဘာပေးလဲ”

“မုန့်ဖိုးပေးတယ်”

“ဘယ်လောက်ပေးတာလဲ”

“သုံးသိန်း”

“ကြည့်ပါလား၊ ဖြူလေးတို့ကို ငါးသိန်းတောင် မပေးပဲနဲ့ လဝန်းရိပ်ကို ဘာလို့ အဲ့လောက်ထိ ပေးနေရတာလဲ”

“တော်ပါတော့ ဖြူလေးရယ်၊ အခုကိစ္စတွေက အဲ့လောက်ထိ အာရုံစိုက်စရာမှ မလိုတာ”

“ကိုပြည့်က အာရုံမစိုက်ပေမယ့် ဖြူလေးကတော့ အာရုံစိုက်တယ်၊ ညီတွေညီမတွေအကုန် တန်းတူပဲဆိုပြီး အခုကတည်းက ခွဲခြားနေတာမဟုတ်လား၊ လဝန်းရိပ်က သူ့အဖေနဲ့ အမေမွေးစားထားတာဆိုတိုင်း ညီမအရင်းကျနေတာပဲ”

“သူ့ပိုက်ဆံ သူဘယ်လိုသုံးသုံး ဖေဖေတို့ ကိစ္စမှ မဟုတ်တာ သမီးရယ်”

အမြဲတမ်း တိတ်ဆိတ်နေတတ်သည့် ဦးပြည့်မောင်က ဒီတစ်ခါမှာတော့ စကားဝိုင်းထဲကို ဝင်လာသည်၊ ဒေါ်မျိုးမြင့်မြတ်ကတော့ ယောက်ျားလုပ်သူကို မဲ့ရွဲ့ကာဖြင့် ပြောလိုက်သည်။

“ရှင်သာ ကျွန်မအကိုလို ပိုက်ဆံအရှာကောင်းရင် ကျွန်မတို့က သူများပိုက်ဆံကို မက်နေမလား၊ ပြီးတော့ သူများပိုက်ဆံလို့လည်း အပြည့်အဝပြောလို့ မရဘူး၊ အဲ့ဒါကျွန်မအကိုပိုက်ဆံ၊ ကျွန်မနဲ့လည်း ဆိုင်တယ်၊ လောင်းကစားသမားက တရားလာချမနေနဲ့”

“ငါ့ကိုပဲ မပြောနဲ့လေ၊ ငါရှာကျွေးလို့ လက်ဖျားငွေသီးနေတုန်းက မင်းဒီအသံထွက်လို့လား၊ စီးတဲ့ရေကို ဆည်တဲ့ကန်သင်းလုပ်ရမယ့် မင်းကိုယ်တိုင်ကလည်း ငါရှာသမျှကို ဖဲရိုက်ပြီး ဖြုန်းတီးနေတာပဲ မဟုတ်ဘူးလား၊ အခုမှ ငါ့တစ်ယောက်တည်းကို အပြစ်လာမတင်နဲ့”

အမြဲငြိမ်ခံနေသော ယောက်ျားလုပ်သူက ပြန်ပြောလာတာကြောင့် ဒေါ်မျိုးမြင့်မြတ်တစ်ယောက် တီကောင်ဆားပတ်သလို ဖြစ်သွားသည်။

“အံမယ်၊ ရှင်ကများ ကျွန်မကို ပြောရတယ်ရှိသေး၊ ရှင်ကိုယ်တိုင်လည်း ကျွန်မဖဲရိုက်ပြီး ရှာတဲ့ပိုက်ဆံကို မသုံးလို့လား၊ အလုပ်လုပ်ဖို့ ကိုမင်းအရင်းအနှီးထုတ်ပေးတုန်းက ဘောပွဲလောင်းလိုက်တာ ဘယ်သူလဲ”

“ဟ အဲ့ဒါလည်း အရင်းအနှီးလုပ်လိုက်တာပဲလေ”

“ပြီးတော့ ခွေးလို ဝက်လို ရှုံးလာတာပဲမလား”

“မင်းလည်း ဖဲရှုံးလို့ ဖဲကြွေးမလျော်နိုင်လို့ လူရှေ့ခွေးလိုသွားရတာ ငါမသိဘူး ထင်လို့လား၊ အခုမှ ငါ့ကို သူတော်ကောင်း လာလုပ်မနေနဲ့”

“ရှင်ကလေးတွေရှေ့မှာ ဘာစကားပြောတာလဲ”

“မှန်တာပြောတာပဲလေ”

“ကိုပြည့်မောင် ရှင့်ကိုပါးစပ်ပိတ်လိုက်တော့လို့ ပြောနေတယ်နော်”

ပြောရင်းနဲ့ မေမေသည် ဖေဖေ့ကို အနောက်ကနေ လှမ်းပြီး ဆံပင်ကို ဆောင့်ဆွဲလိုက်တာကြောင့် ကောင်းပြည့်က တားလိုက်သည်။

“မေမေ မလုပ်နဲ့လေ၊ ကျွန်တော် ကားမောင်းနေတယ်”

သို့သော် သူတို့နှစ်ယောက်ကတော့ ကောင်းပြည့်စကားကို နားမထောင်တာကြောင့် သူလည်း ကားကို အရှိန်လျှော့ကာ လမ်းဘေးကပ်ရပ်လိုက်သည်၊ ဒီအတိုင်းဆို တစ်ခုခုဖြစ်တော့မည် မဟုတ်လား။

“တော်ကြတော့လို့ ပြောနေတယ်မလား”

ကောင်းပြည့်က ဟောက်လိုက်တော့မှ နှစ်ယောက်စလုံး ရပ်တန့်သွားကြသလို သီချင်းနားထောင်နေသော ဖြူလေးကလည်း နားကြပ်ကို ဖြုတ်လိုက်သည်။

“အခုလို ရန်ဖြစ်နေတော့ကော ဘာထူးမှာလဲ၊ နှစ်ယောက်စလုံးကြောင့် ကျွန်တော်တို့ မိသားစု လမ်းဘေးရောက်ပြီးပြီ မဟုတ်ဘူးလား၊ အဲ့ဒါကိုတောင် ဘာလို့ရန်ထပ်ဖြစ်နေကြသေးတာလဲ၊ ကလေးတွေလည်း မဟုတ်တော့ဘူး၊ နည်းနည်းလေးလည်း အသိတရားဝင်ပါတော့လား”

ကောင်းပြည့်သည် ပထမဆုံးအကြိမ် မိဘတွေကို မအော်စဖူး အော်ခြင်းဖြစ်သည်။

“သား”

“ကိုပြည့် ဘာတွေပြောနေတာလဲ”

“အသိတရားရှိဖို့ ပြောနေတာ၊ နင်လည်း အတူတူပဲ၊ အဲ့လောက်ထိ ကလေးဆန်မနေနဲ့၊ လဝန်းရိပ်ကို ပြုတ်ကျအောင်လုပ်ဖို့ဆိုရင် စိတ်ရှည်ဖို့ လိုတယ်၊ အချင်းချင်း အခုလို ရန်ဖြစ်နေယုံနဲ့ ကိစ္စတွေက ဖြေရှင်းပြီးသွားမှာ မဟုတ်ဘူး”

သူအော်လိုက်တာကြောင့် မေမေကော ဖေဖေပါ ငြိမ်ကျသွားသည်၊ ဖြူလေးကတော့ ဘာမှမပြောသော်ငြား ပေစောင်းစောင်းကြည့်နေပါသေးသည်။

🍂

လရိပ်က လရိပ်ဖုန်းအသစ်ရတာကြောင့် သုံးလက်စ Note20ကို ဆုရည်ကို ယူမလားမေးတော့ ဆုရည်က ပျော်ပျော်ရွှင်ရွှင်ပင် ယူပါသည်၊ လရိပ်နှစ်နှစ်လောက်ပဲ သုံးရသေးတာကြောင့် ဖုန်းသည် အသစ်နီးနီးပင် ရှိနေသေးသည်၊ လရိပ်က ဆုရည်ကို မပေးခင် ဖုန်းကို မှန်မကွဲအသစ်လဲပေးလိုက်ကာ လရိပ်ဝယ်ထားသည့် ဖုန်းကာဗာလေးခုကိုလည်း အတူတူထည့်ပေးလိုက်၏၊ မိုးထက်ကိုလည်း လရိပ်ပြန်တော့မည့်အကြောင်း messenger ကနေ အကြောင်းကြားလိုက်တော့ လရိပ်မပြန်ခင်တစ်ရက်မှာ မိုးထက်က အိမ်ရောက်လာသည်။

“နင်က ပြန်တော့မယ်ဆိုတာ ကြိုမပြောဘူး”

ထုံးစံအတိုင်း လရိပ်ကို မိုးထက်က အင်္ဂလိပ်လိုသာ ပြောလာသည်။

“ငါလည်း မွေးနေ့ကြောင့် နေနေတာ၊ တကယ်ဆို ဒီထက်စောစောပြန်သင့်တာ၊ အိမ်လည်း ပြောင်းရမယ်”

“ရော့ ဒါနင့်အတွက် မွေးနေ့လက်ဆောင်”

မိုးထက်ပေးလာသည့် လက်ဆောင်သည် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာစာအုပ်ဖြစ်သည်။

“နင်ကဗျာကြိုက်လားတော့ မသိဘူး၊ ငါကဗျာတွေကြိုက်လို့ နင့်ကိုလည်း ဖတ်စေချင်လို့”

“ကဗျာက မဖတ်ဖြစ်ပေမယ့် စိတ်ဝင်စားပါတယ်၊ ငါလေယာဉ်ပေါ်မှာ ဖတ်လို့ရတာပေါ့”

“နင်kgဆန့်သေးလား”

“စာအုပ်က လက်ကနေ ပိုက်သွားလို့ ရတယ်လေ”

“အင်း နင်ပြန်လာရင် ငါတို့ တွေ့ကြမယ်နော်”

သူပြောတာကို လရိပ်က ခေါင်းငြိမ့်လိုက်သည်။

“သားထမင်းစားသွားနော်၊ ဒီနေ့ ဂျိုးငှက်လက်ဆောင်လာပေးလို့၊ သားကော ငှက်တွေဘာတွေ စားလား”

“ဟုတ် စားပါတယ်”

“အဲ့ဒါဆို တစ်ခါတည်း စားသွားနော်၊ ကလေး ကိုကိုကြီးကို ညစာစားဖို့ တစ်ခါတည်း ခေါ်လိုက်လေ”

“ဟုတ် မေမေကြီး”

“နင့်အကိုရှိနေတာလား”

“အင်း ရှိတယ်၊ အလုပ်ခန်းထဲမှာ၊ နင်ထမင်းစားခန်းမှာ စောင့်နေနော်”

လရိပ်သည် အလုပ်ခန်းတံခါးခေါက်ကာ ကိုကိုကြီးကို ထမင်းစားဖို့ ခေါ်လိုက်သည်။

ဒေါက် ဒေါက်

“ဝင်ခဲ့”

ဘယ်လောက်ပဲအချိန်တွေကြာကြာ အခုထိ ထိုအသံကို ကျင့်သားမရသေးပါလေ၊ ဒီနေ့မှ ကိုကိုကြီးအသံက ပိုပြီး ပြတ်နေသလို ခံစားရသလို မျက်နှာထားကလည်း ပိုတင်းနေလေသည်။

“ကိုကိုကြီး ထမင်းစားလို့ ရပြီတဲ့”

“မင်းသူငယ်ချင်း ပြန်သွားပြီလား”

“ဟင့်အင်း၊ မေမေကြီးက သူ့ကို ထမင်းစားပြီးမှ ပြန်ဖို့…”

“ရပြီ၊ လာခဲ့မယ်”

“ဟုတ်”

ကိုကိုကြီးက လရိပ်စကားကို ဖြတ်ချလိုက်တာကြောင့် လရိပ်လည်း ထမင်းစားခန်းထဲကို ဝင်ခဲ့လိုက်သည်၊ မိုးထက်ကတော့ စားနှင့်နေပြီဖြစ်သည်။

“သမီး ဟိန်းမင်းကော”

“လာခဲ့မယ်တဲ့”

လရိပ်သည် လရိပ်ပန်းကန်ထဲနှင့် ကိုကိုကြီးပန်းကန်ထဲကို ထမင်းထည့်လိုက်သည်၊ ထို့နောက် မိုးထက်က လရိပ်ပန်းကန်ထဲကို ဟင်းထည့်ပေးလာသည်။

“မစားဘူးလား”

“ကိုကိုကြီး မရောက်သေးလို့”

“အော်”

လရိပ်ပြောပြီးပြီးချင်းပင် ကိုကိုကြီးက ရောက်လာပါသည်၊ လရိပ်လည်း မိုးထက်ရှေ့က ဟင်းပန်းကန်ကို ကိုကိုကြီးရှေ့ကို တိုးပေးလိုက်သည်၊ ကိုကိုကြီးက စားပွဲထိပ်မှာထိုင်ကာ လရိပ်က ကိုကိုကြီး၏ ညာဘက်ခြမ်းမှာထိုင်ပြီး မိုးထက်က လရိပ်ဘေးမှာထိုင်တာကြောင့် မိုးထက်ရှေ့ရောက်နေသော ဟင်းပန်းကန်က ကိုကိုကြီးနဲ့ အနည်းငယ်အလှမ်းဝေးနေသောကြောင့် ဖြစ်သည်။

“နင်မနက်ဖြန် လေယာဉ်ဘယ်အချိန်လဲ”

မိုးထက်က မေးလာခြင်း ဖြစ်သည်။

“မနက်ဆယ်နာရီ”

“ငါအလုပ်သွားရမယ်၊ အလုပ်မရှိရင် လေဆိပ်လိုက်ပို့လို့ ရတယ်”

သူသည် မျက်မှောင်တစ်ချက်ကျုံ့လိုက်မိသည်၊ ဒီချာတိတ်သည် ဘာကြောင့် အင်္ဂလိပ်လိုပဲ ပြောသလဲဆိုတာကို သူနားမလည်ပါ၊ တကယ်ဆို အချင်းချင်း မြန်မာလို ပြောလို့ရသည်မလား၊ စိတ်ထဲကတော့ ’မင်းလိုက်ပို့စရာမလိုပါဘူး’လို့ ပြောလိုက်ချင်ပေမယ့် လက်တွေ့မှာတော့ အသက်အများကြီးငယ်တဲ့ ချာတိတ်တစ်ယောက်နှင့် အငြင်းအခုန်လုပ်ရမှာ ကလေးဆန်တာကြောင့် သူဘာမှပြန်မပြောလိုက်ပါ။

“ရပါတယ်၊ မနက်ဖြန် မေမေကြီးနဲ့ ဦးလေးအောင် လိုက်ပို့မှာလေ”

လရိပ်သည် မိုးထက်ကို ဖြေပြီးတော့ ကိုကိုကြီးကို မေးလိုက်သည်။

“ကိုကိုကြီးကော လေဆိပ်လိုက်မှာလား”

“အလုပ်ရှိတယ်လေ”

“အော် ဟုတ်သားပဲ”

“အလုပ်နည်းနည်း နောက်ကျမှ သွားလိုက်လို့ မရဘူးလား”

မေမေကြီးက ပြောလိုက်သော်လည်း ကိုကိုကြီးက ခေါင်းခါသည်။

“အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ၊ အိမ်ကနေပဲ နှုတ်ဆက်လိုက်လို့ ရတာပဲ”

တကယ်တော့ လရိပ်သည် ကိုကိုကြီးကို လိုက်ပို့စေချင်ပါသည်၊ သို့သော်လည်း ကိုကိုကြီးကတော့ အရေးမကြီးသည့် ကိစ္စအတွက် အလုပ်ဖျက်မည် မဟုတ်ပါ၊ သူဌေးနာမည်ခံကာ ကိုးနာရီထက်နောက်ကျမှ ရုံးတက်တာကိုလည်း လရိပ်မတွေ့ဖူးပါ။

“အေးလေ၊ အိမ်ကပဲ နှုတ်ဆက်လည်း ရတာပဲ”

မေမေကြီးသည် ပြောရင်းနဲ့ သက်ပြင်းချပြန်ပါသည်။

“မေမေကြီးကလည်း လရိပ်က အပြီးသွားတာမှ မဟုတ်တာ၊ ပြန်လာမှာပဲကို၊ ပြီးတော့ နေ့တိုင်းလည်း video callပြောမယ်လေ”

“ပြောတာပဲ၊ ဟိုရောက်သွားရင် သူပဲ အလုပ်တွေ သင်တန်းတွေနဲ့ ဖုန်းပြောမယ့်အချိန်တောင် မရှိပဲနဲ့”

“လောလောဆယ်တော့ ဘာသင်တန်းမှ တက်ဦးမှာမဟုတ်လို့ ဖုန်းပြောဖို့ အချိန်ရှိမှာပါ၊ လရိပ် ထမင်းစားရင်းလည်း ဖုန်းခေါ်မယ်၊ အိပ်ခါနီးလည်း ဖုန်းခေါ်မယ်၊ မိုးလင်းတာနဲ့လည်း ဖုန်းခေါ်မယ်လေ”

“ပိုက်ဆံအကုန် ဖုန်းပြောပြီး ဖြုန်းမလို့လား”

ဟိန်းမင်းသည် လဝန်းရိပ်ကို ဘုတောပြီး မေးလိုက်တာကြောင့် လဝန်းရိပ်အသံလေး တိတ်သွားသည်၊ ဘာကြောင့်မှန်းမသိ၊ မိုးထက်ဆိုသည့် လူငယ်ကို သူလုံးဝသဘောမကျပါ၊ လဝန်းရိပ်က ထိုချာတိတ်နဲ့ ခင်မင်နေတာကိုလည်း သူသိပ်မကြိုက်ပါ၊ အခုလည်း လဝန်းရိပ်ပန်းကန်ထဲမှာ ဟင်းနည်းနေတာနဲ့ သူကပင် ဟင်းကို အတင်းထည့်ပေးနေတာလေ။

“နင်ကတော့ လုပ်ပြီ၊ မနက်ဖြန် သွားရတော့မယ့် ကလေးကို ဘာလို့ဆူတာလဲ”

“ဆူတာမှ မဟုတ်တာ၊ အားယားနေတာ မဟုတ်ပဲ ဘာလို့ဖုန်းကို အချိန်ပြည့်ဆက်နေမှာလဲ၊ အဲ့အစား အကျိုးရှိတာ လုပ်ပါလား”

“သူလည်း စကားအဖြစ်ပြောတာလေ၊ ကလေးက ဘယ်တုန်းက အချိန်ပြည့် ဖုန်းဆက်နေဖူးလို့လဲ၊ အိမ်လွမ်းတယ်တောင် တစ်ခါမှ မညည်းပြဖူးတဲ့ ကလေးကို၊ အခုလည်း ငါ့ကို စိတ်ကျေနပ်အောင် ပြောနေတာကို သိသိကြီးနဲ့၊ ဆူမယ်ဆိုတာကြီးပဲ၊ အဲ့ဒါကြောင့် ကလေးက ရန်ကုန်ကို တစ်နှစ်နေလို့ တစ်ခါတောင် ပြန်မလာတာ”

“ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့၊ နင်က အားနေဆူနေတာကို”

‘အားနေ ဆူနေတာကို’ဆိုတဲ့ စကားကိုတော့ သူလုံးဝလက်မခံနိုင်ပါ၊ လဝန်းရိပ်ကို ဆူတယ်လို့ နာမည်တပ်ရလောက်တဲ့အထိကို သူတစ်ခါမှ မဆူဖူးပါလေ။

“ကျွန်တော်သူ့ကို ဘယ်တုန်းက ဆူဖူးလို့လဲ”

“လာငြင်းမနေနဲ့၊ ဧည့်သည်ရှိတာကို၊ တော်လိုက်တော့”

မေမေကြီးသည် သူ့ကို မတော်မတရားစွပ်စွဲပြီး အတင်းပါးစပ်ပိတ်နေပြန်သည်၊ ဧည့်သည်က အရေးပါတဲ့ ဧည့်သည်မှ မဟုတ်တာ၊ သူဘာကို ဂရုစိုက်ရမှာလဲ၊ သို့သော်လည်း သူငြိမ်နေလိုက်ပါတော့သည်၊ မေမေကြီးအကျင့်က အမြဲအဲ့လိုပဲ မဟုတ်ပါလား။

စားသောက်ပြီးတော့ မိုးထက်ပြန်သွားချိန်တွင် လရိပ်သည် ခြံတံခါးကို လိုက်ပိတ်ပေးလိုက်သည်၊ လရိပ်အိမ်ထဲပြန်ဝင်လာချိန်တွင် ကိုကိုကြီးက အိမ်အဝင်ဝမှာ လက်ပိုက်ရပ်ရင်း လရိပ်ကို မျက်မှောင်ကျုံ့ကာ ရပ်ကြည့်နေတာကြောင့် လရိပ်အနည်းငယ်တော့ အေးခဲသွားရ၏။

“ကိုကိုကြီး၊ ခြင်မကိုက်ဘူးလား”

“မင်းနဲ့သူနဲ့က သူငယ်ချင်းပဲလား”

“ဟုတ် သူငယ်ချင်းပါပဲ”

“ဘာလို့ တံခါးဝအထိ လိုက်ပို့တာလဲ”

“သူ့ကိုလိုက်ပို့တာ မဟုတ်ပါဘူး၊ လရိပ်တံခါးလိုက်ပိတ်တာပါ၊ ခြောက်နာရီကျော်ရင် ဦးလေးအောင် နားပြီလေ၊ အဲ့ဒါကြောင့်မို့လို့”

“ဘာမှမဟုတ်တာ သေချာတယ်နော်”

“သေချာပါတယ်”

“ဟုတ်နေလည်း ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ကျောင်းမပြီးသေးခင်တော့ ဘာရှုပ်ရှုပ်ယှက်ယှက် အသံမှ မကြားချင်ဘူး၊ ရည်းစားထားရင်တောင် ပညာရေးကို မထိခိုက်စေနဲ့၊ ကြားလား”

“ဟုတ်၊ လရိပ် ကိုကိုကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး”

“အင်း၊ စိတ်ပျက်အောင်လုပ်ရင်လည်း ကန်ထုတ်ပစ်မှာ၊ ငါအဲ့လောက်ထိ စိတ်ရှုပ်မခံဘူး”

ကိုကိုကြီးသည် ဒီနေ့မှ လရိပ်ကို ဘာတွေမကျေမနပ်ဖြစ်နေလည်း မသိပါ၊ တစ်ခါမှ မပြောဖူးသည့် စကားတွေ ပြောနေသလို မျက်နှာကလည်း ခါတိုင်းထက်ပင် ပိုတည်နေပါသေးသည်၊ မနက်ဖြန်သွားရမှာကို ကိုကိုကြီးက မကျေမနပ်ဖြစ်နေတာကြောင့် ပိုပြီးတော့ ဝမ်းနည်းရတာပါလေ၊ သို့သော် လရိပ်တိုက်ရိုက်လည်း မမေးရဲပြန်ပါ။

ဟိန်းမင်းထက်အောင်သည် သူ့ကိုယ်သူလည်း ဘာကြောင့် မိုးထက်အာကာဆိုသည့် ကောင်လေးကို သဘောမကျဖြစ်နေလည်းဆိုတာ နားမလည်နိုင်ပါ၊ လဝန်းရိပ်ကိုလည်း တခြားယောက်ျားလေး ကိစ္စကြောင့် ပညာရေးကို ထိခိုက်တာမျိုး မလိုချင်ပါ၊ မနက်ဖြန်ပြန်မည်ဆိုတာနဲ့ အခုညနေ အိမ်ကို ရောက်ချလာတာလည်း သဘောမကျပါ၊ ထို့ကြောင့် မဆီမဆိုင် လဝန်းရိပ်ကို မကျေမနပ်ဖြစ်ကာ ကလေးဆန်စွာ ပြုမူနေမိသည်။

မနက်ကျတော့ ဆယ်နာရီလေယာဉ်ဖြစ်တာကြောင့် လေဆိပ်ကို ရှစ်နာရီအရောက်သွားရမည်ဖြစ်သည်၊ ခုနစ်နာရီကတည်းက လရိပ်အပြီးသတ်ပြင်ဆင်ကာ ကိုကိုကြီးအခန်းကို တံခါးခေါက်လိုက်သည်။

ဒေါက် ဒေါက်

ကိုကိုကြီးက တံခါးဖွင့်ပေးလာ၏၊ ကိုကိုကြီးသည် အိမ်က ရှစ်နာရီထွက်မည်ဖြစ်သော်လည်း အခုကတည်းက ပြင်ဆင်လို့ ပြီးနေပြီ ဖြစ်ပါသည်။

“ကိုကိုကြီး”

“အင်း သွားတော့မှာလား”

“ဟုတ် ရှစ်နာရီရောက်ဖို့ဆို အခုထွက်မှ အချိန်မီမှာမို့လို့”

“ရောက်ရင် messageပို့လိုက်”

“ဟုတ်၊ ဟိုလေ”

“အင်း ပြောလေ”

“ဖုန်းဆက်လို့မရဘူးလား”

တကယ်တော့ ‘လရိပ်ကို လိုက်ပို့ပါလား’လို့ တောင်းဆိုချင်ပေမယ့် ပါးစပ်က ထွက်မလာပါလေ၊ လရိပ်စကားကြောင့် ကိုကိုကြီးသည် မျက်ခုံးများပင့်သွားသည်၊ နောက်မှ ပြန်ဖြေလာသည်။

“ဆက်ချင်ရင် ဆက်ပေါ့၊ ဒါပေမယ့် အားမှ ကိုင်မှာနော်”

“ဟုတ်၊ အဲ့ဒါဆို လရိပ် သွားပြီနော်”

“အင်း”

ကိုကိုကြီးသည် လရိပ်သူ့အခန်းရှေ့က ခြေထောက်မရွှေ့နိုင်သေးခင်ပင် အခန်းတံခါးကို ဒုန်းခနဲ ပိတ်လိုက်သည်။

“ကလေးလေးရေ၊ မပြီးသေးဘူးလား၊ ခုနစ်နာရီကျော်နေပြီလေ”

“ဟုတ် လာပြီ”

လရိပ်သည် မေမေကြီးခေါ်နေပြီဖြစ်တာကြောင့် အောက်ထပ်ကို ဆင်းလိုက်ပါတော့သည်။

“ကလေးအကိုကို နှုတ်ဆက်ပြီးပြီလား”

“ဟုတ် မေမေကြီး”

“သွားရအောင်”

လေဆိပ်တွင် မေမေကြီးက မျက်ရည်များ ဝဲနေပေမယ့် မျက်ရည်မကျအောင် ထိန်းထားသည်၊ မေမေကြီး အခုလိုထိန်းထားတာပိုကောင်းပါသည်၊ မဟုတ်လို့ အခုချိန် မေမေကြီးသာ ငိုချလိုက်ရင် လရိပ်လည်း လိုက်ငိုမိမည်ဖြစ်သည်။

“မေမေကြီး၊ လရိပ်နေ့တိုင်း ဖုန်းဆက်မယ်နော်”

လရိပ်သည် မေမေကြီးကို ပြောကာ နှုတ်ဆက်ပြီး immigrationဝင်လိုက်တော့သည်၊ ပထမတစ်ကြိမ်သွားတုန်းက ဝမ်းနည်းတာထက် ကြောက်စိတ်ကသာ ပိုနေတာပါလေ၊ သို့သော် အခုတစ်ခေါက်မှာတော့ လရိပ်ဝမ်းနည်းပြီး လေယာဉ်ပေါ်ရောက်တာနှင့် ငိုမိသည်၊ မိုးထက်ပေးလိုက်သည့် စာအုပ်ကိုလည်း လေယာဉ်ပေါ်တွင် ဖတ်မည်ဟုတွေးထားပေမယ့် ယူလာဖို့ပင် မေ့ခဲ့၏၊ ထို့ကြောင့် စိတ်အပြောင်းအလဲဖြစ်အောင် လေယာဉ်ပေါ်တွင် ရုပ်ရှင်သာ ကြည့်လိုက်သည်၊ အခုတစ်ခေါက်တွင်မှ အိမ်နဲ့ ခွဲရသည့် ခံစားချက်ကို ပြည့်ပြည့်ဝဝခံစားနေရခြင်းဖြစ်သည်။

ဟိန်းမင်းသည် လဝန်းရိပ်ထွက်သွားတာနှင့် လဝန်းရိပ်အခန်းထဲကို ဝင်ကြည့်မိသည်၊ မေမေကြီးဝမ်းနည်းမယ်ဆိုလည်း ဝမ်းနည်းစရာပင်၊ အိမ်မှာ ကလေးတစ်ယောက်ရှိနေတာနှင့် မရှိတာက ချက်ချင်းပင် သိသိသာသာ ကွာခြားသွားသည်၊ လဝန်းရိပ်အခန်းထဲမှာတော့ လဝန်းရိပ်သုံးနေကျ ရေမွှေးအနံ့က ခပ်သင်းသင်းဖြစ်နေ၏၊ အိပ်ရာခင်းတွေကို သေချာပြန့်နေအောင် ဖြန့်ခဲ့ကာ ကုတင်ခေါင်းရင်းလေးမှာတော့ သူဝယ်ပေးထားသည့် ခွေးရုပ်သေးသေးလေးကို တင်ထားသည်၊ စားပွဲပေါ်တွင် စာအုပ်တစ်အုပ်တွေ့တာကြောင့် သူယူကြည့်လိုက်မိတော့ စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာစာအုပ်ဖြစ်သည်၊ သူဖွင့်ကြည့်လိုက်တော့ စာအုပ်၏ ပထမဆုံး စာမျက်နှာမှာ မိုးထက်အာကာ၏ နာမည်နှင့် လက်မှတ်ကို တွေ့လိုက်ရပြီး အောက်မှာလည်း လဝန်းရိပ်အတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့လိုက်ရ၏၊ သူသည် ကုတင်ပေါ်မှာ ဝင်ထိုင်လိုက်ကာ စာအုပ်ကို ဟိုလှန်သည်လှော်ကြည့်လိုက်ပြီး နောက်ဆုံးစာမျက်နှာ အရောက်တွင်တော့ ပန်းနုရောင် ကဒ်လေးတစ်ကဒ်ကို တွေ့လိုက်ရသည်။

‘My life has been better since the day I found you, I think I fall in love with you, Loving you, is healing me’

ဆိုသော စာကို မှင်အနက်ရောင် လက်ရေးဆက်ဖြင့် ခပ်သော့သော့လေး ရေးထားသည်၊ လဝန်းရိပ်သည် ဒီစာကို တွေ့သွားပုံ မပေါ်ပါ၊ ထို့ကြောင့် သူလည်း စာအုပ်ကို နေရာမရွေ့အောင် ပြန်တင်ထားလိုက်ပြီး ကဒ်ကိုတော့ သူ့ကိုယ်သူပင် သတိမထားမိပဲ လုံးခြေကာ အမှိုက်တောင်းထဲ ထည့်လိုက်သည်။

သူရုံးရောက်တော့ နေပိုင်က ပြောလာသည်။

“ဆရာ ဒီနေ့နောက်ကျမယ်လို့ ထင်နေတာ”

“ဘာလို့လဲ”

“လဝန်းရိပ်က ဒီနေ့ပြန်ပြီဆို၊ ကျွန်တော်နဲ့ မနေ့က စာပို့ဖြစ်တယ်၊ ဆရာလေဆိပ်လိုက်ပို့မယ်ထင်နေတာ”

“မေမေကြီးလိုက်ပို့တယ်လေ၊ ဘာလုပ်မှာလဲ၊ လေဆိပ်လိုက်ပို့ပြီး”

နေပိုင်ကတော့ နေနိုင်လိုက်တာလို့သာ မှတ်ချက်ချလိုက်မိလိုက်တော့သည်။



လရိပ်ရောက်တာနဲ့ ကိုယ့်ဟာကိုယ် Taxiငှားကာ မမဆည်းဆာအိမ်ကို လာခဲ့လိုက်သည်၊ လရိပ်ရောက်တဲ့အချိန်သည် ရုံးချိန်ဖြစ်နေတာကြောင့် ကိုကိုကြီးကိုတော့ messageသာ ပို့လိုက်သည်။

“လရိပ် ရောက်ပြီလား၊ မမ ကြာဇံချက်,ချက်ထားတယ်”

“ဟုတ် မမ၊ လရိပ်ရေချိုးလိုက်ဦးမယ်နော်”

“အင်း၊ မမပြန်နွှေးထားလိုက်မယ်”

ပြန်ရောက်ပြီး လုပ်စရာလုပ်နေရင်းနဲ့ အနည်းငယ်တော့ စိတ်ကြည်သွားပါသည်၊ ကြာဇံချက်စားနေရင်းနဲ့ မမက စကားစ,လာသည်။

“ဖုန်းက ဟိန်းမင်းအသစ်ဝယ်ပေးလိုက်တာပေါ့”

“ဟုတ်”

“ဟိန်းမင်းက လရိပ်ကို အလိုတော့ လိုက်သားပဲနော်၊ မမက ဟိန်းမင်းနဲ့ လရိပ်ကို အဆင်မပြေလောက်ဘူးလို့ ထင်ထားတာ၊ သူက လရိပ်အတွက်တော့ တော်တော်စဉ်းစားပေးတယ်”

“ဘာဖြစ်လို့လဲဟင်”

“လရိပ်ကို မွေးစားတုန်းက မမတို့လည်း သတင်းကြားတယ်လေ၊ သူလုံးဝသဘောမတူဘူး၊ လရိပ်မိဘတွေ ဆုံးသွားတုန်းကဆို မမတို့က လရိပ်အတွက် စိတ်ပူသွားတာ၊ အစက လရိပ်ကို ဂေဟာပြန်ပို့ပြီး သူဒီမှာပဲ အခြေချတော့မယ်ထင်ထားတာလေ၊ သူ့အဖေအလုပ်ကလည်း သူစိတ်မှ သိပ်မပါပဲ၊ ဒါပေမယ့် အဲ့တုန်းက ကလေးအတွက်က သူရှိမှ ဖြစ်မှာဆိုပြီး သူအဲ့မှာအခြေချလိုက်တော့ မမတို့တောင် အရမ်းအံ့ဩသွားတာ”

“လရိပ်အတွက်၊ ဖေဖေ့အလုပ်အတွက် မဟုတ်ဘူးလား၊ ကိုကိုကြီးက လရိပ်ကို အဆင့်1to3 မဝင်ရင် ဂေဟာပြန်ပို့ပစ်မယ်လို့ ပြောတာ”

လရိပ်စကားကြောင့် မမက ရယ်ပါသည်။

“ဟုတ်လား၊ ဟိန်းမင်းက အဲ့လိုပဲ ပြောတာလား၊ မမတို့က ဒီကိုပြန်မလာတော့ဘူးလားမေးတော့ သူက လဝန်းရိပ်ကို ဒီမှာဘယ်လိုပစ်ထားလို့ ရမလဲတဲ့၊ ကလေးက အုပ်ထိန်းသူလိုတယ်တဲ့၊ အဲ့ဒါကြောင့်လည်း လရိပ်ပညာရေးကို ဒီလောက်အထိ သူအားစိုက်ထားတာပေါ့၊ ဟိန်းမင်းက လရိပ်ကို တော်တော်မြင့်မြင့်မှန်းထားတာ၊ ခဏခဏလည်း ဖုန်းဆက်ပြီး မေးတယ်”

“ကိုကိုကြီးကလေ၊ လရိပ်ကိုကျ ဖုန်းမဆက်ဘူး”

“ဟိန်းမင်းက အဲ့လိုပဲ၊ စိတ်ကလေးက နူးညံ့ရဲ့သားနဲ့ ဟိတ်ကြီးဟန်ကြီးနဲ့ အရမ်းနေတာ”

“ဟုတ်တယ်၊ အဲ့ဒါကြောင့် လူပျိုကြီးဖြစ်နေတာ”

“ဟုတ်တယ်၊ ဒီမှာတုန်းကလည်း ကောင်မလေးတစ်ယောက်နဲ့ နှစ်ပတ်လောက်တွဲဖူးတယ်လို့ မမပြောဖူးတယ်မလား”

“ဟုတ်”

“ဟိုကသူ့ကို ပစ်သွားတာလေ၊ ပျင်းစရာကြီးတဲ့၊ အဲ့ဒါကြောင့် ရုပ်ကလေးသန့်ရဲ့သားနဲ့ ရည်းစားမရှိတာ”

အခုမှပဲ လရိပ်သည် ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်၊ ကိုကိုကြီးလိုလူက ရည်းစားပစ်တာခံရသည်ဆိုတာ ရယ်စရာကြီးပါလေ။

“လရိပ်ကော ကောင်လေးတွေ ဘာတွေ မရှိဘူးလား”

“ကိုကိုကြီးက မနေ့ကတောင် မှာလိုက်သေးတယ်၊ ရည်းစားထားရင်တောင် ပညာရေးကို မထိခိုက်စေနဲ့တဲ့၊ သူ့ကို စိတ်ပျက်အောင်လုပ်ရင် ကန်ထုတ်မှာတဲ့၊ စိတ်ရှုပ်မခံဘူးတဲ့”

“ကြည့်ပါလား၊မပြောရင် မပြောဘူး၊ ပြောရင်လည်း အဲ့လိုတုတ်ထိုးအိုးပေါက်၊ စိတ်ထဲက မပါတာတွေပြောပြီး ကလေးကို စိတ်ဒုက္ခပေးတာ”

“ဒါနဲ့ မမအမျိုးသားက ဘယ်တော့ပြန်လာမှာလဲ”

“သူက နောက်သုံးလလောက် ကြာဦးမယ်”

“အော်၊ မမတစ်ယောက်တည်း နေရတာ မပျင်းဘူးလား”

“လရိပ်ကော တစ်ယောက်တည်း နေရတာ မပျင်းဘူးလား”

“ကျောင်းနဲ့ အလုပ်နဲ့ဆိုတော့ ပျင်းဖို့အချိန်တောင် မရှိပါဘူး”

“မမလည်း အဲ့လိုပဲပေါ့၊ ပိတ်ရက်ဆိုလည်း မုန့်တွေလျှောက်လုပ်စားလိုက်တာပဲ၊ သူဒီတစ်ခါပြန်လာရင်တော့ ကလေးယူဖို့ စဉ်းစားထားတယ်၊ အသက်ကလည်း ကြီးပြီလေ”

“မမတို့က ရည်းစားဖြစ်ပြီး ယူတာလား”

“အင်း ခဏတော့ တွဲလိုက်တယ်၊ အိမ်က ပေးတွေ့တာလေ၊ မမက မယူဘူးလို့ငြင်းတော့ အိမ်ကလည်း အတင်းမပေးစားပါဘူး၊ သူက အတင်းလိုက်တာ”

“အော်၊ ချစ်တတ်လိုက်တာ”

“ကောင်မလေး အားကျနေပြီလား”

မမမေးတော့ လရိပ်ရယ်သာ ရယ်လိုက်မိသည်၊ အားကျတယ်ဆိုတာထက် သဘောကျတယ်လို့ ပြောရင် ပိုမှန်လိမ့်မည်။

လရိပ်သည် တစ်လအတွင်းမှာ အိမ်ရှာပြီး အိမ်ထပ်ပြောင်းရသည်၊ ပြန်ရောက်တာနဲ့ အရင်အလုပ်ကို တစ်လလောက်သာ ဝင်လုပ်ပြီး ထွက်လိုက်သည်၊ interior designကုမ္ပဏီတစ်ခုမှာ part-timeအနေနဲ့ အလုပ်ရတာကြောင့် ဖြစ်၏၊ ကိုကိုကြီးကလည်း ကိုယ့်ပညာနဲ့ သက်ဆိုင်သည့် အလုပ်က ပိုကောင်းသည်ဟု ပြောသောကြောင့် ဖြစ်သည်။

ဒီရောက်တာနှင့် ထုံးစံအတိုင်းပင် ကိုကိုကြီးနှင့် အရင်လို အခြေအနေပြန်ဖြစ်သွားပါ၏၊ လရိပ်က ဒီဘက်က အကြောင်းစုံကို စာနဲ့သာ ပို့ပြီး ကိုကိုကြီးကတော့ လိုအပ်ရင် စာပြန်ကာ မလိုအပ်ရင် seenသာပြပါသည်၊ အလုပ်ကလည်း ကျောင်းဖွင့်ချိန်ဆို part-time သာ ဝင်လုပ်ပြီး ကျောင်းပိတ်ချိန်ဆို full-time လုပ်ဖို့ စာချုပ်ချုပ်လိုက်တာကြောင့် တစ်နှစ်တစ်ခါ အိမ်ပြန်ဖို့ အစီအစဉ်လည်း ပျက်သွားရ၏၊ university က full-time သုံးနှစ်တက်ရတာဖြစ်ပြီး ပထမနှစ်တွင် လရိပ်က အမှတ်အများဆုံးနှင့် အောင်တာကြောင့် ဒုတိယနှစ်အတွက် full-scholar ရပြီး ကိုကိုကြီးသည် လရိပ်အတွက် အိမ်စရိတ်တစ်ခုသာ ပေးရပါတော့သည်၊ ဒုတိယနှစ်မှာလည်း အမှတ်အများဆုံးထပ်ရတာကြောင့် နောက်ဆုံးနှစ်အတွက်လည်း scholar ထပ်ရလိုက်ပါသည်။

လဝန်းရိပ်က နှစ်နှစ်ဆက်တိုက် scholar ရလိုက်တာကြောင့် ကျောင်းစရိတ်ကို သူတော်တော်လေး သက်သာသွားသည်၊ မေမေကြီးကတော့ သူ့တူမကို ဝမ်းသာအားရ ချီးကျူးပါသည်။

“ငါ့ကလေးလေးက တော်လိုက်တာ၊ ကြည့်ပါဦး၊ နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြီးတော့တောင် အမှတ်အများဆုံးတဲ့လား”

“မြန်မာကျောင်းသားတွေက တော်ကြပါတယ်၊ လဝန်းရိပ်တစ်ယောက်တည်း မဟုတ်ဘူး၊ ကျွန်တော်အသိရဲ့ သမီးလေးဆိုလည်း အထက်တန်းကတည်းက တော်လွန်းလို့ တက္ကသိုလ်ပြီးတဲ့အထိ scholarရထားတာ၊ တခြား မြန်မာကလေးတွေလည်း အများကြီး ရှိသေးတယ်”

“တူလားဟဲ့၊ သူတို့က ငယ်ငယ်ကတည်းက အဲ့ကပညာရေးနဲ့ ကြီးလာတာလေ၊ ငါ့ကလေးက ဒီကပညာရေးနဲ့ကြီးပြီးမှ အဲ့ကိုရောက်ပြီး အဲ့ကကျောင်းသားတွေကြားမှာ အမှတ်အများဆုံးရတာလေ၊ ဟိန်းမင်းထက်အောင်၊ နင်ကလေ ကလေးကို ချီးကျူးဖို့ဆို သေရမှာထက်ကို ကြောက်တာနော်”

“မချီးကျူးတာ မဟုတ်ပါဘူး၊ မေမေကြီးက လဝန်းရိပ်တစ်ယောက်တည်း ရသလိုပြောနေလို့ ကျွန်တော်က ပြောပြတာပါ”

“ချီးကျူးတယ်ဆိုလည်း ကလေးကို ဖုန်းလေးဘာလေးဆက်ပြီး စိတ်ကျေနပ်အောင် တော်တယ်လို့ ပြောလိုက်ပေါ့၊ ဆယ်တန်းမှာ ငါးဘာသာ ဂုဏ်ထူးပါတာတောင် တော်တယ်တစ်ခွန်းမပြောဘူး၊ တတ်လည်း တတ်နိုင်တယ်”

“သူတော်တာ သူသိတာပဲကို၊ ကျွန်တော်က ပြောပြစရာ လိုသေးလို့လား”

“အသိအမှတ်ပြုပေးတော့ ကလေးက မကျေနပ်ဘူးလား”

မေမေကြီးက ပြောသော်လည်း သူကတော့ တကူးတကဖုန်းမဆက်ဖြစ်ပါ၊ လဝန်းရိပ်သည် သူ့ကို စိတ်မပျက်စေရဘူးဆိုတဲ့ ကတိကိုတော့ ကောင်းကောင်းတည်ပါသည်။

လရိပ်သည် နောက်ဆုံးနှစ်ကိုလည်း အမှတ်အများဆုံးဖြင့် အောင်စေရန် projetတွေ assignmentတွေကို သေချာလုပ်ရင်း စာမေးပွဲကိုလည်း သေချာဖြေသည်၊ အဓိက,ကတော့ အလုပ်လုပ်တာကလည်း လရိပ်အတွက် အများကြီး အထောက်အကူရသည်လေ၊ မေမေကြီးနှင့်တော့ ညတိုင်းနီးပါး ဖုန်းဆက်ဖြစ်ကာ အစပိုင်းမှာတော့ ခြောက်လတစ်ခါတော့ မေမေကြီးက လာလည်သည်၊ သို့သော်လည်း အရင်ကလို လရိပ်ငှားနေရတဲ့ အိမ်မှာ နေလို့အဆင်မပြေတာကြောင့် ဟိုတယ်မှာသာ ငှားနေကာ လရိပ်ဒုက္ခရောက်တယ်ဆိုပြီး နောက်နှစ်များတွင်တော့ မလာတော့ပါ။

လရိပ်အမှတ်အများဆုံးနှင့်သာ အောင်ရင် လရိပ်သည် ဘွဲ့နှင်းသဘင်တွင် ကျောင်းသားကိုယ်စားပြုအနေနှင့် speech တစ်ခု တက်ပြောရမည်ဖြစ်ပြီး ကိုကိုကြီးကိုလည်း ဘွဲ့နှင်းသဘင်ကို လာခဲ့ဖို့ ခေါ်လို့ကောင်းမည်မဟုတ်ပါလား။

လရိပ်နောက်ဆုံးနှစ်တွင် မမဆည်းဆာက သမီးလေးမွေးသည်၊ သမီးလေးနာမည်ကို Daphneလို့ ပေးထားသည်၊ Marchလတွင်မွေးတာကြောင့် Marchလကိုယ်စားပြု ပန်းဖြစ်သည် Daffodilပန်းကို အစွဲပြုထားသည့် နာမည်ဖြစ်သည်၊ လရိပ်မွေးလဖြစ်သည့် Decemberလ၏ ကိုယ်စားပြုပန်းလည်း ဖြစ်ပါသည်။

“အသည်းယားစရာလေးနော် မမ၊ လရိပ်ချီလို့ရလား”

“ရတာပေါ့”

မမဆီက ခွင့်ပြုချက်ရတာနှင့် လရိပ်သည် ကလေးကို ကောက်ပွေ့လိုက်သည်။

“လရိပ်က ကလေးချီတတ်သားပဲ၊ သူ့အဖေထက်တော့ သာတယ်”

မမသည် လရိပ်ကို ချီးကျူးရင်း သူ့ယောက်ျားကို မျက်စောင်းထိုးကာ အပြစ်တင်လိုက်သည်။

“ဒါကတော့ မိန်းကလေးနဲ့ ယောက်ျားလေး ကွာတာပေါ့”

အကိုကလည်း မခံပါ၊ မမကို ပြန်ချေပ,လာသည်၊ လရိပ်သည် စာမေးပွဲပြီး၍ မမတို့၏ ကလေးသေးသေးလေးကို လာကြည့်ခြင်း ဖြစ်သည်။

“လရိပ်က ဘယ်နေ့ပြန်မှာလဲ”

“ဘွဲ့ယူပြီးမှ ပြန်မှာမမ”

“အော်၊ အဲ့ဒါဆို အလုပ်လုပ်ရင်း အမှတ်စာရင်းကို စောင့်မှာပေါ့”

“ဟုတ်”

“ဘယ်လိုလဲ၊ ဒီတစ်ခေါက်ကော အမှတ်အများဆုံးပဲလား”

“ရမယ်ထင်တာပဲ၊ ရအောင်တော့ ကြိုးစားထားတယ်”

“ကြိုးစားထားတယ်ဆိုရင်တော့ ရမှာပါ၊ လရိပ်က တော်လိုက်တာ”

“ဟုတ်တယ်နော်၊ သေးသေးလေးနဲ့ မထင်ရဘူး”

မမအမျိုးသားကပါ လရိပ်ကို ချီးကျူးလာသည်။

“မမသမီးလေးကို များများချီပေး၊ အဲ့ဒါမှ မမသမီးလေးလည်း လရိပ်ဆီက တော်တဲ့ဓာတ်တွေ စုပ်ယူနိုင်မှာ”

လရိပ်သည် ကလေးလေးပါးကို ဖွဖွလေးနမ်းလိုက်သည်၊ ကလေးသည် အတော်လေး အေးဆေးသော ကလေးဖြစ်သည်၊ လရိပ်အကြာကြီးချီထားတာတောင် လုံးဝမငိုပဲ လရိပ်လက်ထဲတွင် အေးအေးဆေးဆေးနေပါသည်။

အမှတ်စာရင်းထွက်လာချိန်တွင်တော့ လရိပ်သည် အမှတ်အများဆုံးမဟုတ်ပဲ ဒုတိယနေရာသာ ရတာကြောင့် ငိုပါငိုချင်သွားသည်၊ လရိပ်သည် ကိုကိုကြီးဆီက ချီးကျူးမှုကို လိုချင်တာကြောင့် အများကြီး ကြိုးစားထားတာလေ၊ အမှတ်အများဆုံးရရင် ဘွဲ့နှင်းသဘင်ပွဲတွင် stage ပေါ်တက်၍ ကျောင်းသားကိုယ်စားပြု speech တစ်ခု ပြောရမည်ဖြစ်တာကြောင့် ကိုကိုကြီးရှေ့တွင် ဂုဏ်ယူစွာနှင့် ပြောရဖို့ကို စိတ်ကူးယဉ်ထားခဲ့သည်၊ သို့သော်လည်း အခုတော့ အမှတ်အများဆုံးရသည့် အန္ဒိယကျောင်းသားကြောင့် လရိပ်ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်သွားရလေ၏။

အစကတော့ အမှတ်အများဆုံးရလျှင် ကိုကိုကြီးဆီ ဖုန်းဆက်ကာ ဘွဲ့နှင်းသဘင်ပွဲကို တက်ပေးဖို့ တောင်းဆိုမည်ဟု စဉ်းစားထားပေမယ့် အခုတော့ message တစ်ခုသာ ပို့လိုက်ပြီး ဘွဲ့နှင်းသဘင်ပွဲကို လာပေးဖို့လည်း မတောင်းဆိုရဲတော့ပါ၊ ကိုကိုကြီးဘက်က seen ပြတာနဲ့ ဖုန်းကိုခေါက်ချလိုက်ကာ ကုတင်ပေါ်မှာ မျက်နှာအပ်၍ အသံမထွက်အောင် ကြိတ်ငိုမိသည်။

တူ.တူ.တူ

ဖုန်းဝင်လာတာကြောင့် လရိပ်သည် ကိုင်လိုက်ပြီး သူငယ်ချင်းတစ်ယောက်ယောက် ဆက်သည်ဟု ထင်လိုက်တာကြောင့် ဟဲလိုဆိုသည့် အသံကို မြန်မာaccentဖျောက်ကာ ထူးလိုက်သည်၊ သို့သော် တစ်ဖက်က ကြားလိုက်ရသည့် တည်ကြည်ပြတ်သားသည့် အသံကြောင့် ချက်ချင်းထထိုင်ကာ ဖုန်းcontactကို ပြန်ကြည့်လိုက်ပြီးမှ ထူးလိုက်သည်။

“ကိုကိုကြီး”

“အင်း ငိုနေတာလား”

“လရိပ်အများကြီး ကြိုးစားထားတာ”

လရိပ်သည် ပြောရင်း အသံထွက်ကာ ငိုချလိုက်မိသည်။

“ကြိုးစားထားတိုင်း ပထမရတာမှ မဟုတ်တာ”

“အမှတ်အများဆုံးလိုချင်လို့ ကြိုးစားထားတာလေ”

“မင်းထက်ပိုကြိုးစားတဲ့လူရှိလို့ နေမှာပေါ့”

“ဟင့်အင်း၊ အဲ့လိုလုံးဝမဖြစ်နိုင်ဘူး၊ လရိပ်ထက် ပိုကြိုးစားတဲ့လူ ရှိမှာတောင် မဟုတ်ဘူး၊ လရိပ်က facebookလည်း လုံးဝမသုံးဘူး၊ ရုပ်ရှင်လည်း မကြည့်ဘူး၊ သူငယ်ချင်းတွေနဲ့တောင် လုံးဝအဆက်အသွယ်မလုပ်ဘူး၊ ရထားစီးရင်း ကားစီးရင်းတောင် စာပဲလုပ်နေတာကို လရိပ်ထက် ဘယ်သူက ပိုကြိုးစားနိုင်ဦးမှာပဲ”

လရိပ်သည် မကျေမနပ် ဒေါသတကြီးနှင့် ကိုကိုကြီးကို တိုင်နေမိသည်။

“လဝန်းရိပ်၊ အဲ့ဒါငိုစရာမှ မဟုတ်တာ၊ ဒုတိယက ဘာဖြစ်နေလို့လဲ၊ ပြီးတော့အမှတ်ကလည်း သုံးမှတ်ပဲ ကွာတာလေ”

“လရိပ်က ကိုကိုကြီးကို ဘွဲ့နှင်းသဘင်ကို လာစေချင်တာ၊ ကိုကိုကြီးရှေ့မှာ လရိပ်အတော်ဆုံးဆိုတာကို ပြချင်တာ”

“ငါက မင်းအမှတ်အများဆုံးမရရင် ဘွဲ့နှင်းသဘင်မတက်ဘူးလို့ ပြောဖူးလို့လား”

“ဒါပေမယ့်…”

“မင်းဘိတ်ချေးနဲ့ အောင်ရင်တောင် ငါက ဘွဲ့နှင်းသဘင် တက်မှာပဲ၊ မင်းဘွဲ့ယူတာ ငါမပါလို့ ဖြစ်မလား”

“အဲ့လိုဆို ကိုကိုကြီးက လာမှာပေါ့”

“လာမှာပေါ့၊ အဲ့ဒါကြောင့် ငိုမနေနဲ့တော့၊ မင်းတော်တာ မင်းသိတယ်မလား၊ သုံးမှတ်ဆိုတာ မင်းထက်ပိုတော်လို့ မဟုတ်ဘူး၊ မင်းထက်ကံပိုကောင်းလို့၊ နားလည်လား”

“ဟုတ်”

“ငိုနေလောက်မယ်ထင်လို့ ဖုန်းဆက်လိုက်တာ၊ ထင်တဲ့အတိုင်းပဲ၊ စိတ်ပျော့လိုက်တာ၊ အမှတ်အများဆုံး မရတာ ငိုစရာလား”

“ငိုစရာပေါ့၊ လရိပ်က အမှတ်အများဆုံးလိုချင်လို့ အများကြီး ကြိုးစားထားတာလေ၊ ဒုတိယလိုချင်ရင်တော့ ဒီထက်လျှော့ပြီး ကြိုးစားမှာပေါ့”

“ဒီထက်လျှော့ပြီး ကြိုးစားရင် ဒုတိယတောင် ဘယ်ရတော့မလဲ”

ကိုကိုကြီးပြောတာလည်း ဟုတ်ပါသည်၊ ဒီလောက်လုပ်တာတောင် ဒုတိယပဲ ရတာမလား။

“တိတ်တော့နော်၊ နောက်တစ်ပတ်ကျရင် လာခဲ့မယ်”

“ဟုတ် လရိပ် ဟိုတယ်ဘိုကင်လုပ်ထားလိုက်မယ်”

“မလုပ်နဲ့၊ မလိုဘူး၊ ငါ့ဟာငါ ဒီကနေ လုပ်လိုက်မယ်၊ ဘာယူလာပေးဖို့ လိုသေးလဲ”

“ဟင့်အင်း၊ ဘာမှမလိုဘူး”

“အင်း၊ အဲ့ဒါဆို ဒါပဲနော်၊ မေမေကြီးဆီကို အငိုမျက်နှာနဲ့ ဖုန်းမဆက်နဲ့၊ ကြားလား”

“ဟုတ် ကိုကိုကြီး”

ကိုကိုကြီးသည် မှာစရာရှိတာ မှာပြီး တိခနဲ ဖုန်းချသွားသည်၊ အမှတ်အများဆုံး မရပေမယ့်လည်း ကိုကိုကြီးလာမည်ဆိုတာကြောင့် လရိပ်သည် အနည်းငယ်တော့ စိတ်ကျေနပ်သွားပါသည်။

ဟိန်းမင်းထက်အောင်သည် ပုံမှန်ဆို လဝန်းရိပ်ပို့လာသမျှစာအကုန်လုံးကို replyမပြန်ဖြစ်ပါ၊ အမှတ်အများဆုံးရကြောင်း စာပို့တဲ့အချိန်များတွင်တောင် သူထွေထွေထူးထူး စာမပြန်ဖြစ်ပါ၊ သို့သော် အခုအမှတ်စာရင်းတွင် လဝန်းရိပ်နာမည်က ဒုတိယနေရာတွင် ဖြစ်နေတာကြောင့် ငိုနေလောက်မည်ထင်၍ ချက်ချင်းဖုန်းဆက်လိုက်တော့ ထင်သည့်အတိုင်း ငိုနေတာပင်၊ ဆယ်တန်းတုန်းကတော့ ကျောင်းမှာအမှတ်ကောင်းမှ စင်္ကာပူပို့ဖို့ အဆင်ပြေမှာဖြစ်တာကြောင့် အမှတ်ကောင်းဖို့ ဖိအားပေးခဲ့ပေမယ့် တက္ကသိုလ်စတက်ကတည်းက သူလုပ်စရာရှိတာ သူ့ဟာသူလုပ်သွားတာကြောင့် သူထွေထွေထူးထူး ဘာမှတွန်းအားပေးစရာ မလိုခဲ့ပါ၊ ထို့နောက် ကျောင်းထားပေးတာကလည်း သူတတ်နိုင်လို့ ထားပေးတာ ဖြစ်တာကြောင့် scholarရအောင်လုပ်ဖို့ တစ်ခွန်းတောင် မပြောခဲ့ဖူးပါလေ၊ အမှတ်အများဆုံးမရရင် ဘွဲ့နှင်းသဘင် မတက်ဘူးလို့ တစ်ခွန်းမှလည်း မပြောဖူးပါ၊ သို့သော် ဒီကောင်မလေးသည် ဘယ်လိုအတွေးနဲ့များ အမှတ်အများဆုံးရမှ ဘွဲ့နှင်းသဘင်တက်လောက်မည်ဟု ထင်သွားရလဲ မပြောတတ်ပါ။

ရုံးကပြန်တော့ သူလည်း စိန်ရွှေရတနာဆိုင်တစ်ဆိုင်ကို ဝင်လိုက်သည်၊ လဝန်းရိပ်ကို ဆယ်တန်းပြီးကတည်းက လက်ဝတ်ရတနာ တစ်ဆင်စာလောက် ဝယ်ပေးဖို့ စိတ်ကူးရှိခဲ့ပေမယ့် အသက်ငယ်သေးတာကြောင့်ကော အဝေးကို ပို့ရမှာကြောင့်ကော သူမဝယ်ပေးဖြစ်ခဲ့တာပါလေ၊ မေမေချန်ခဲ့တဲ့ လက်ဝတ်လက်စားအကုန်လုံးကိုလည်း သူသာ သိမ်းထားပြီး ဘွဲ့ရမှ ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်၊ အခုတော့ အသက်၂၃နှစ် ပြည့်တော့မည်ဖြစ်ကာ ဘွဲလည်းရပြီဖြစ်တာကြောင့် ကိုယ်ပိုင်လက်ဝတ်လက်စားလောက်တော့ ရှိသင့်ပြီမလား၊ ရန်ကုန်ရောက်တာနဲ့ ဖေဖေသူ့အတွက်ထားခဲ့သည်များကို ပြောပြရမည်၊ သူပြန်ရောက်တာနဲ့ ပြဿနာတွေလည်း ပြန်များလာလောက်မည်ဟု ထင်သည်၊ အန်တီလေးတို့သည် လဝန်းရိပ်မရှိတဲ့ ကာလတစ်လျှောက်တော့ ငြိမ်နေကြပေမယ့် အမွေကိစ္စသာ သိရင် ကျိန်းသေပေါက် ပြဿနာရှာဦးမည်ဖြစ်သည်။

🍂

ဘွဲ့ယူမယ့်နေ့မှာ ဝတ်မယ့်ဝတ်စုံကိုတော့ မမဆည်းဆာသည် မအားသည့်ကြားက လရိပ်ကိုယ်တိုင်းယူကာ စက်ချုပ်တတ်သည့် မြန်မာအမတစ်ယောက်ကို အကူအညီတောင်းပေးသည်၊ မြန်မာဝတ်စုံဖြစ်သည့်အတွက် နိုင်ငံခြားသားဆီအပ်ရင် အဆင်သိပ်မပြေပါလေ၊ ပိတ်စကိုတော့ မြန်မာပြည်ကနေသာ မှာလိုက်သည်၊ မမက လရိပ်အတွက် နီညိုရောင်အင်္ကျီစနှင့် ချိတ်အစင်ကို မှာပေးကာ သူကိုယ်တိုင်ပဲ ဒီဇိုင်းရွေးပေးသည်၊ ထို့ကြောင့် ဝတ်စုံကိစ္စက သိပ်အပင်ပန်းခံလိုက်စရာ မလိုပဲ လရိပ်အလုပ်ကို အေးအေးဆေးဆေးလုပ်လို့ရသည်၊ အလုပ်က ထွက်စာတင်ထားပြီးသော်လည်း handoverလုပ်ရမည့်အချိန်က တစ်လခွဲဖြစ်ကာ မန်နေဂျာက လရိပ်ကို နှစ်လပြည့်တဲ့အထိ လုပ်ပေးရန် အကူအညီတောင်းထားသောကြောင့် နှစ်လနေမှ ထွက်ရမည်ဖြစ်သည်၊ ကိုကိုကြီးနဲ့ မေမေကြီးကတော့ ဘွဲ့မယူခင် တစ်ပတ်လောက်အလိုမှာ ရောက်လာပြီး ဟိုတယ်မှာသာ နေကြ၏၊ လရိပ်ငှားနေသည့် အိမ်နှင့်နီးသော ဟိုတယ်ဖြစ်တာကြောင့် သွားလာရတာ အဆင်ပြေပါသည်၊ ရောက်သည့်နေ့ကတော့ လရိပ်သွားမကြိုနိုင်လိုက်ပါ၊ ကိုကိုကြီးပါတာကြောင့် တကူးတကသွားကြိုစရာလည်း မလိုပါ၊ ညနေဘက် ရုံးဆင်းချိန်မှသာ လရိပ်ဟိုတယ်ကို တစ်ခါတည်း သွားလိုက်သည်၊ မေမေကြီးကတော့ တွေ့တာနှင့် လရိပ်ကို ပိန်သွားသည်ဟု ပြောလာသည်။

“ပိန်လိုက်တာကလေးရယ်၊ ဖုန်းထဲကထက်ကို ပိုပိန်နေတာပဲ”

“ရန်ကုန်ရောက်ရင် ပြန်ဝလာတော့မှာပါ မေမေကြီးရဲ့”

“အထုတ်တွေကော သိမ်းပြီးသွားပြီလား”

“အထုတ်တွေက မေမေကြီးတို့နဲ့ ထည့်ပေးလိုက်မယ့်ဟာတွေတော့ သိမ်းပြီးသွားပြီ”

“မေမေကြီးတို့နဲ့ ထည့်ပေးလိုက်မှာဆိုတော့ ကလေးက ပြန်မလိုက်ဘူးလား၊ ဒီမှာအလုပ်လုပ်မလို့လား၊ ဟိန်းမင်းပြောတော့ ရန်ကုန်မှာပဲ အလုပ်လုပ်မှာဆို”

မေမေကြီးသည် လရိပ်စကားကို ဆုံးအောင်နားမထောင်ပဲ ဆက်တိုက်ပြောလာတာကြောင့် ကိုကိုကြီးက လရိပ်ကို ကြည့်ကာ မေးလာသည်။

“မေမေကြီးကို မပြောထားဘူးလား”

“ဘာလဲ၊ ဒီမှာအလုပ်လုပ်မယ့်ကိစ္စလား၊ ငါလုံးဝခွင့်မပြုဘူးနော်၊ အခုကစပြီး ငါ့ကလေးကို ဘယ်အဝေးမှ မပို့တော့ဘူး”

“မဟုတ်ပါဘူး မေမေကြီးရဲ့၊ လရိပ်အလုပ်က နောက်တစ်လနေမှ ထွက်လို့ရမှာ၊ အဲ့ဒါကြောင့် မေမေကြီးတို့ ရန်ကုန်ပြန်ပြီး တစ်လလောက်နေမှ လရိပ်ပြန်လာမှာ၊ အထုတ်တွေကတော့ အခုမလိုတာတွေ တစ်ခါတည်း ပြန်ထည့်ပေးလိုက်မလို့လေ၊ လရိပ်တစ်ယောက်တည်းဆို kgလောက်မှာ မဟုတ်ဘူး”

“အော်၊ တော်သေးတာပေါ့၊ စိတ်ကိုပူသွားတာပဲ”

“မေမေကြီး လရိပ်ဘွဲ့ယူမယ့်နေ့ ဝတ်မယ့်ဝတ်စုံကို ဝတ်ပြရမလား၊ အခုဝင်ယူလာတယ်”

“ချုပ်လိုက်တာလား”

“ဟုတ်တယ်၊ လရိပ်က မြန်မာဝတ်စုံပဲ ဝတ်ချင်လို့၊ ဒီက အမတစ်ယောက်ချုပ်ပေးတာ”

“ပိုက်ဆံဘယ်လောက်ပေးရလဲ၊ ငါပြန်ပေးမယ်လေ”

“အမက လက်ဆောင်ချုပ်ပေးတာ ကိုကိုကြီး”

“အော်”

“ဝတ်ကြည့်လေ၊ ကြည့်ရတာပေါ့”

မေမေကြီးက ပြောလိုက်တာကြောင့် လရိပ်သည် အခန်းထဲကို ဝင်ကာ ချုပ်ထားသော ဝတ်စုံကို လဲဝတ်လိုက်သည်။

“လှလိုက်တာ၊ ကလေးအသားအရောင်နဲ့ ဝတ်စုံအရောင်လေးက ဟပ်နေတာပဲ”

မေမေကြီးက ချီးကျူးလိုက်သည်၊ လရိပ်အသားသည် အဝါဖောက်သော အသားအရောင်ဖြစ်တာကြောင့် အခန်းထဲကြည့်ရင် ဖြူသလိုထင်ရပေမယ့် အပြင်ရောက်ရင် အညိုဘက်ရောက်သွားသော ပုံစံမျိုးဖြစ်သည်၊ သို့သော် စင်္ကာပူမှာနေ့သည့်ကာလတစ်လျှောက်မှာတော့ ဖုန်မရှိ၍လားမသိ၊ အသားက သိသိသာသာကြည်လာသည်၊ သို့သော် အနီရောင်တောက်တောက်ကို ဝတ်လျှင် အသားနဲ့ မပေါ်တော့မည်ကို စိုးတာကြောင့် မမက အရောင်နည်းနည်းငြိမ်သည့် နီညိုရောင်ကို ရွေးပေးထားခြင်းဖြစ်သည်၊ လက်ပြတ်လေးကို ပြောင်ရှင်းလေးချုပ်ပေးထားပြီး ထဘီကိုတော့ ချိတ်ထဘီလေး ချုပ်ပေးထားသည်၊ တင်ထောက်ထည့်ထားတာကြောင့် ရှိရင်းစွဲကိုယ်လုံးကိုယ်ထည်ထက် ပိုကြွနေသလို ဖြစ်နေသည်။

“သမီးမှာ  လက်ဝတ်ရတနာလေးဘာလေး မရှိဘူးလား၊ လည်ပင်းက အရမ်းရှင်းနေတယ်၊ နားပေါက်ကလည်း ဟောင်းလောင်းနဲ့”

“မရှိဘူး မေမေကြီး”

ထိုအချိန်တွင် ကိုကိုကြီးကတော့ လရိပ်ကို ကတ္တီပါဗူးလေးတစ်ဗူး ပေးလာသည်။

“ဘွဲ့ရလို့ ပေးတာ”

လရိပ်ဖွင့်ကြည့်လိုက်တော့ စိန်ပွင့်သေးသေးလေးတွေပါသည့် လည်ပင်းတွင် ကပ်လျက်ဆွဲရသော ဘယက်လေးဖြစ်ပြီး hand chainကလည်း ဘယက်နှင့် ဆင်တူဖြစ်သည်၊ နားကပ်ကတော့ လက်နေသည့် စိန်ပွင့်သေးသေးလေး တစ်ပွင့်တည်းနဲ့ပင်၊ လက်စွပ်ကတော့ နားကပ်ထက်စာရင် နည်းနည်းကြီးသည်။

“လှလိုက်တာ”

လရိပ်က ရေရွတ်လိုက်သော်လည်း မေမေကြီးကတော့ နှုတ်ခမ်းမဲ့ပြီး ကိုကိုကြီးကို ရွဲ့သလိုလိုနှင့် ချီးကျူးပါတော့သည်။

“ဒါမျိုးကျတော့ အကွက်စေ့သားပဲ၊ မဆိုးပါဘူး၊ ခင်ခင့်ဟာတွေလား”

“မေမေ့ဟာတွေ မဟုတ်ပါဘူး၊ မေမေ့ဟာတွေက ပြူးပြဲပြီး တောဆန်တာကြီးကို၊ ဒီခေတ်မှာ အဲ့လိုပြူးပြဲနေတာတွေကို ဘယ်သူက ဝတ်တော့လို့လဲ”

“ဒါဆိုနင်ဝယ်လာတာလား”

“အင်းပေါ့၊ မြန်မာဝတ်စုံဝတ်မှာကို လက်ဝတ်လက်စားတော့ ရှိဖို့လိုတာပေါ့၊ ပြီးတော့ ဒီကလူတွေကလည်း ထင်းနေတာကြီးတွေ မဝတ်တော့ နည်းနည်းကြည့်လို့လှတာလေး ရွေးလာတာ”

လရိပ်သည် တစ်ခါတည်း ဝတ်ကြည့်လိုက်သည်။

“လှလိုက်တာ၊ မျက်နှာလေးကို လင်းသွားတာပဲ”

မေမေကြီးက လရိပ်ကိုကြည့်ရင်း ပြောလိုက်သည်။

“စိန်နားကပ်အရောင်ကြောင့် ပါးပြောင်တယ်ဆိုတာ ဒါမျိုးပဲ နေမယ်၊ နော် မေမေကြီး”

လရိပ်က နောက်တော့ မေမေကြီးက လရိပ်ပါးကို ချစ်စနိုးနဲ့ ဆွဲလာပါသည်။

“ကလေးပါးလေးတွေ ပိန်သွားလိုက်တာ၊ ပါးလေးတွေ ပြန်ဖောင်းအောင် လုပ်ဦး”

“ရန်ကုန်ရောက်ရင် ပြန်ဖောင်းသွားလိမ့်မယ် မေမေကြီးရဲ့”

“ဒီနေ့ ဟိုတယ်မှာပဲ အိပ်လိုက်ပါလား”

“မအိပ်တော့ပါဘူး မေမေကြီးရယ်၊ အိမ်က နီးနီးလေးပဲဟာကို၊ မနက်ဖြန် ရုံးမရှိဘူး၊ မနက်စောစောကတည်းက လာခဲ့မယ်၊ အော် လာလို့မရဘူး၊ မနက်ဖြန် လရိပ်ဖိနပ်သွားဝယ်မလို့၊ လရိပ်မှာ sneakersတွေပဲ ရှိလို့”

“သမီးကိုကိုကြီးကို လိုက်ဝယ်ပေးခိုင်းလေ၊ မေမေကြီးကို မနက်ဖြန် ဆည်းဆာက မနက်ကတည်းက လာခေါ်မယ်ပြောထားတယ်”

လရိပ်သည် ကိုကိုကြီးကို မော့ကြည့်လိုက်တော့ ကိုကိုကြီးက ပြောလာသည်။

“မနက်ဖြန် မနက်စာစားပြီး ဟိုတယ်လာခဲ့လေ”

“ဟုတ် ကိုကိုကြီး၊ မေမေကြီး အဲ့ဒါဆို လရိပ်ပြန်တော့မယ်နော်”

“ဟုတ်ပြီ၊ မနက်ဖြန် ညမှတွေ့မယ်”

လရိပ်က အခန်းပြင်ကနေထွက်တော့ ကိုကိုကြီးကပါ လိုက်ထွက်လာသည်။

“ကိုကိုကြီး ဘယ်သွားမလို့လဲ”

“မင်းကို လိုက်ပို့မလို့လေ”

“အော်”

လရိပ်သည် ကိုကိုကြီး၏ အနောက်ကနေ တိတ်တဆိတ်သာ လမ်းလျှောက်လိုက်သလို ကိုကိုကြီးကလည်း ဘာစကားမှ ပြောမလာပါ။

“ကိုကိုကြီး”

လရိပ်က လေသံခပ်တိုးတိုးနဲ့ ခေါ်လိုက်တာကြောင့် ကိုကိုကြီးက လှည့်ကြည့်လာသည်။

“ဟင်”

“လရိပ် ဆံပင်အရောင်ဆိုးချင်တယ်၊ တစ်ခေါင်းလုံးမဟုတ်ဘူး၊ highlightပဲ ဖောက်မှာ၊ လုပ်လို့ရလား”

“လုပ်ချင်ရင် လုပ်လေ”

“ပြီးတော့ ဆံပင်လည်း ကောက်ချင်လို့”

“အင်း”

“ကိုကိုကြီး ပိုက်ဆံပေးပါလားလို့”

“ပေးမယ်လေ”

“မနက်ဖြန် လုပ်လို့ရလား”

“အင်း ရတယ်၊ ဘယ်လောက်ကြာမှာလဲ”

“မနက်တစ်ပိုင်းလောက် ကြာမယ်ထင်တယ်”

“ဖိနပ်ပဲ ဝယ်စရာရှိတာမလား”

“ဟုတ် ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ”

“Trick Eye Museumလိုက်ပို့ပေးပါလားလို့”

“မင်း မရောက်ဖူးသေးဘူးလား”

“မရောက်ဖူးသေးဘူး၊ ဓာတ်ပုံရိုက်ချင်လို့၊ ပြီးတော့ ဆုရည်ကို ပို့ပေးချင်လို့၊ ကိုကိုကြီး လိုက်ရိုက်ပေးပါလားလို့”

“အင်း ပြီးတော့ကော”

“ဒါပဲ”

“Ok အဲ့ဒါဆို မနက်ဖြန် ၇နာရီလောက် ထွက်မယ်”

“ဟုတ် ကိုကိုကြီး”

လဝန်းရိပ်သည် လိုချင်တာ ရသွားသည့် ကလေးတစ်ယောက်လို ခေါင်းလေးငြိမ့်ရင်း တက်တက်ကြွကြွ ပြောလိုက်တာကြောင့် သူလည်း လဝန်းရိပ်ကို ကျောခိုင်းပြီးမှ ပြုံးလိုက်မိပါတော့သည်၊ သူသည် လဝန်းရိပ်၏ အခုလို လိုချင်တာတောင်းဆိုတတ်သည့် အကျင့်လေးကို သဘောကျပါသည်၊ ဒီမှာတစ်ယောက်တည်း အလုပ်လုပ်ကျောင်းတက်ပြီး လူကြီးလေး တစ်ယောက်လို survive လုပ်နေပေမယ့် သူနဲ့ မေမေကြီးရှေ့ရောက်ရင်တော့ ကလေးဆန်သည့် အမူအရာလေးတွေလည်း ပေါ်လာတတ်ပါသေးသည်။



You Raise Me Up { Completed }Where stories live. Discover now