Chapter - 23

137 14 8
                                    

Unicode

အပိုင်း ၂၃။ အနှိမ်ခံလိုက်ရသော သခင်လေးရှောင်း

ဝမ်ရိပေါ်က သူ့မားအိပ်နေပြီဖြစ်ကြောင်းနှင့် ပါးဖြစ်သူကလည်း ကုမ္ပဏီသို့သွားပြီဖြစ်ကြောင်း အသိပေးစာလှမ်းပို့သည့်အခါ ရှောင်းကျန့်က အိမ်မှထွက်လာခဲ့လိုက်သည်။ ယနေ့က ပိတ်ရက်ဖြစ်သော်ငြား အဖေဝမ်ကတော့ အားလပ်ရက်မယူဘဲ အလုပ်ကြိုးစားလျက်ရှိသောကြောင့် အိမ်မှာ မည်သူမျှ မကျန်ခဲ့ပါချေ။ ဝမ်ရိပေါ်တို့အိမ်နှင့် ဆေးရုံက အနည်းငယ်လှမ်းသောကြောင့် စက်ဘီးလေးထုတ်စီးပြီး ထွက်လာရသည်။ ရှောင်းအိမ်တော်မှာနေစဉ်က စက်ဘီးမစီးတတ်ခဲ့ပါသော်ငြား ယခုတွင် အားသည့်အချိန်များ၌ စက်ဘီးစီးလေ့ကျင့်တတ်သောကြောင့် အနည်းငယ်တော့စီးတတ်လာပြီဖြစ်သည်။ သို့သော် အကွေ့များကိုတော့ ကောင်းကောင်းမကွေ့နိုင်သေးဘဲ ယိုင်တိုင်တိုင်ဖြစ်နေသေးသည်။

ဆေးရုံမှ ဝမ်ရိပေါ်ပို့ခဲ့သည့် အခန်းနံပါတ်ရှိရာသို့ ရောက်သည့်အခါ လူနာဝတ်စုံနှင့် ရှောင်းမားက စောင်ခြုံ၍ အနားယူနေသည်ကို အခန်းအပြင်မှတစ်ဆင့်လှမ်းမြင်ရသည်။ အထဲသို့ ဝင်သွားလိုက်သည့်အခါ ဝမ်ရိပေါ်က သူ့ကို တိုးတိုးလာရန်အချက်ပြသည်။

" မားက ခြေထောက်အရိုးအက်သွားတာပဲရှိတာမလား။ တခြားဘာမှမဖြစ်ဘူးမလား "

မနေ့က ဝမ်ရိပေါ်နှင့်တွေ့ချိန်၌ ထိုသူက သူ့ကို သိသင့်သလောက်ပြောပြခဲ့သောကြောင့် မားအခြေအနေကို သိနှင့်ပြီးသားဖြစ်သည်။ သို့သော် ယ​နေ့မှ တစ်ကိုယ်လုံးကိုဆေးစစ်ချက်ပြုလုပ်နိုင်သောကြောင့် အခြားဒဏ်ရာများ ထပ်တွေ့၊ မတွေ့ကို သေချာအောင် မေးမြန်းရသည်။

" အင်း ဒဏ်ရာရတဲ့ဘက်ကို သေသေချာချာ အနားပေးပြီး လိုအပ်တဲ့အာဟာရတွေစားရင် ပြန်ကောင်းဖို့သိပ်မကြာဘူးလို့ ဆရာဝန်က ပြောသွားတယ်။ အဲ့ဒါကြောင့် မင်းအရမ်းမစိုးရိမ်ပါနဲ့ "

ရှောင်းကျန့်က ခေါင်းညိတ်၍ ပြန်ဖြေသည်။

" မင်း ငါ့အိမ်မှာနေရတာရော အဆင်ပြေရဲ့လား "

တိတ်ဆိတ်သွားသည့်လေထုကို ဝမ်ရိပေါ်ကို ပြန်လည်ဖြိုခွဲလိုက်သည်။

SwitchWhere stories live. Discover now